တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
Published 29 November 2016
ဇာလီမြင့်ဦး

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်သည် နိုဝင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် တွေ့ဆုံခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
တွေ့ဆုံမှုတွင် ဆွေးနွေးမှုနှင့် ပတ်သက်၍ မူ ဖော်ပြထားခြင်း မရှိပေ။
ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ  နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါခရီးစဉ်တွင် ငြိမ်းချမ်းရေးကော် မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ အကြံပေးအဖွဲ့ဝင်နှင့် အထောက်အကူပြု အဖွဲ့ဝင်များ လိုက်ပါသွားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Chen Chen နှင့် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးများ၊ အထောက်အကူပြု အဖွဲ့များ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် အဆင့်မြင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲမှ နှစ်နိုင်ငံပူးတွဲ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို နှစ်ဖက်စလုံးက လွန်စွာအလေးထားကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုအခြေအနေကို အမြန်ဆုံး ပြေငြိမ်းသွားစေရန်နှင့် မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု အခြေအနေ မူလပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်ဘက်က တိုက်တွန်းပါကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် မြန်မာနှင့် တရုတ်နိုင်ငံတု့ိ၏ နယ်စပ်ဒေသများ လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးသက်ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ ပထမဆုံးအကြိမ်ပြုလုပ်သည့် ဗဟိုအဆင့် နှစ်နိုင်ငံဆွေးနွေးမှု ယန္တရားတစ်ခုဖြစ်ကြောင်းနှင့် ယင်းအဆင့်မြင့်ဆွေးနွေးပွဲအား နှစ်နိုင်ငံအကြား အလှည့်ကျနှစ်စဉ်ပုံမှန် ပြုလုပ်ရန်နှင့် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံတွင်ပြုလုပ်ရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent