ဥရောပ တစ်လွှားရှိ အနာဂတ်မျိုးဆက်သစ်များ၏ လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံမှ ချာနိုဘိုင်း နျူကလီးယားစွမ်းအင် စက်ရုံကြီး အပေါ်တွင် ဖုံးအုပ်ပြီးစီးသွားသည့် ရွှေ့ပြောင်း၍ရသော ကမ္ဘာ့အကြီးဆုံး သတ္တုအမိုးခုံးကြီးကို နိုဝင်ဘာ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ ၁၀၈ မီတာ (၃၅၅ ပေ)မြင့်ပြီး တန်ချိန် ၃၆၀၀၀ ရှိသည့် ထိုဧရာမ အမိုးခုံးကြီးသည် နယူးယောက်မှ လေဘာတီရုပ်တုထက် ပိုမြင့်ပြီး ပါရီမှ အီဖယ်မျှော်စင်ထက် သုံးဆ ပိုလေးသည်။
၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်က ချာနိုဘိုင်း နျူကလီးယားဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးနောက် ဆိုဗီယက်တို့ အလောတကြီး ဆောက်လုပ်ပေးခဲ့သည့် အမိုးခုံး အဟောင်းမှာ ပျက်စီး ယိုယွင်းနေပြီး ဖြစ်သည်။ ထိုအမိုးဟောင်း၏ နေရာတွင် ယူရို ၁ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ) ရှိသော ယခု အမိုးသစ်ကြီးကို အစားထိုး တပ်ဆင်လိုက်ခြင်း ဖြစ်သည်။ ချာနိုဘိုင်းနျူဘေးအန္တရာယ်မှ ထွက်လာသည့် ရေဒီယိုသတ္တိကြွမှုများသည် ဥရောပဒေသ တစ်ခုလုံး၏ သုံးပုံနှစ်ပုံအထိ ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အရပ်ဘက်သုံး နျူကလီးယား မတော်တဆမှုကြီး ဖြစ်ခဲ့သည်။ ယင်းဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းလုံးကို အဏုမြူလောင်စာ သုံးစွဲမှု၏ လုံခြုံရေးနှင့် ပတ်သက်၍ ပြန်လည် စဉ်းစားရန် တွန်းအားလည်း ဖြစ်ခဲ့သည်။
ချာနိုဘိုင်းနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ၁၀ ရက်ကြာ မီးလောင်မှုအား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခင် အမိုးဟောင်းအား ဆောက်လုပ်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကို ထိန်းနိုင်သော်လည်း ရေဒီယိုသတ္တိကြွမှုများမှာ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ ယင်းနျူဘေးအန္တရာယ်အတွင်း နေရာမှာပင် သေဆုံးသူ သို့မဟုတ် ရေဒီယိုသတ္တိကြွမှု အဆိပ်သင့်ခြင်းကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည့် ရှင်းလင်းရေး အလုပ်သမား ၄၀ ကျော် ရှိခဲ့သည်။
ဆိုဗီယက်သည် ယင်းမတော်တဆမှု ဖြစ်စဉ်ကို အကောင်းဆုံး ဖုံးကွယ်ခဲ့သဖြင့် သေဆုံးခဲ့သူဦးရေ စုစုပေါင်းမှာ ယခုတိုင် အငြင်းပွားစရာ ဖြစ်နေသည်။ ကုလသမဂ္ဂက ချာနိုဘိုင်းနျူဘေးအန္တရာယ်၏ သက်ရောက်မှုကြောင့် သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိသည်ဟု ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရင်းပိစ် အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင်မူ သေဆုံးသူဦးရေမှာ ၁၀၀၀၀၀ နီးပါး ရှိခဲ့သည်။
ပျက်စီးယိုယွင်းနေသော မူလက ကွန်ကရိ အမိုးခုံးကြီးကြောင့် လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်နေစဉ် အမိုးခုံးအသစ် တပ်ဆင်ရန် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ တန်ဖိုးရှိသည့် စီမံကိန်းကို ဥရောပ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (EBRD) က ဦးဆောင်ခဲ့သည်။
လူပေါင်း ၉၀၀၀၀ ကျော်က ၂၀၆ ရက်အတွင်း တည်ဆောက်ခဲ့သည့် ပထမ အမိုးသည် နှစ် ၃၀ သက်တမ်းရှိသော်လည်း နှစ် ၃၀ မပြည့်မီမှာပင် စတင်ပျက်စီးခဲ့သည်။ စက်ရုံထဲမှ ရေဒီယိုသတ္တိကြွမှုများ ပါဝင်နေသည့် ဖုန်မှုန့်များသည် ပျက်စီးနေသော အမိုးခုံးကြားမှတစ်ဆင့် ပျံ့လွင့်နေပြီး ရာသီဥတု ပြင်းထန်လျှင် ပြိုကျနိုင်မည့် အခြေအနေ ရှိနေသည်။
ယခု အမိုးခုံးသစ်မှာမူ ပြင်းအား ၆ အဆင့်ရှိသည့် ငလျင်ဒဏ်အထိ ခံနိုင်ရည် ရှိသည်ဟု သိရသည်။ အရှေ့ဥရောပတွင် ထိုမျှလောက် ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ခြင်းမှာ အလွန်ရှားပါးသလို လေဆင်နှာမောင်း တိုက်ခတ်ခြင်းမှာလည်း နှစ်တစ်သန်းခန့်ကြာမှ တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ ရှိသည်။
ဥရောပနိုင်ငံများ ပါဝင်သည့် ချာနိုဘိုင်း အမိုးအကာ ရန်ပုံငွေအဖွဲ့ (CSF) က ရန်ပုံငွေ ထောက်ပံ့ထားသည့် အမိုးခုံးသစ်ကြီးကို Novarka အကျိုးတူပူးပေါင်းရေး လုပ်ငန်းစုက ၂၀၁၀ တွင် ဒီဇိုင်းရေးဆွဲပြီးစီးပြီး နှစ်နှစ်အကြာတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အမိုးခုံးသစ်ထဲတွင် ရေဒီယိုသတ္တိကြွမှုအား ထိန်းချုပ်ရေးကိရိယာ၊ လေဝင်လေထွက်ပေါက်များ၊ မီးလောင်မှု ကာကွယ်ရေး စနစ်များကို ထပ်မံထည်သွင်းဦးမည်ဖြစ်သည်။ အမိုးခုံးသစ်ထဲမှ ယင်းကိရိယာများသည် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်သည်။
Ref: AFP
ယူကရိန်းမှ ချာနိုဘိုင်း နျူကလီးယား စက်ရုံ၏ ဧရာမ အမိုးခုံးသစ်ကြီးကို ဖွင့်လှစ်
Most Read
Most Recent
43 min ago