ခမ်းနားထည်ဝါသော အိမ်သစ်အတွက် ပြည်သူ့ဘဏ္ဍာ ဒေါ်လာ ၇ ဒသမ ၃ သန်း သုံးစွဲမှုအတွက် အိန္ဒိယပြည်နယ် ဝန်ကြီးချုပ် ဝေဖန်ခံရ

ခမ်းနားထည်ဝါသော အိမ်သစ်အတွက် ပြည်သူ့ဘဏ္ဍာ ဒေါ်လာ ၇ ဒသမ ၃ သန်း သုံးစွဲမှုအတွက် အိန္ဒိယပြည်နယ် ဝန်ကြီးချုပ် ဝေဖန်ခံရ
Published 27 November 2016
Ref:AFP

ရှေးဟောင်းဗိသုကာစနစ်ကို အခြေခံထားပြီး ကျည်ကာအစည်းအဝေးခန်းမများ ပါဝင်သော အိမ်သစ်ကြီးအတွက် အခွန်ထမ်းပြည်သူတို့၏ ဒေါ်လာ ၇ ဒသမ ၃ သန်း သုံးစွဲခဲ့မှုအတွက် အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်၏ ဝန်ကြီးချုပ်သည် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။
နတ်ဆိုးများရန်မှ ကာကွယ်ရန်အတွက် ဘာသာရေးဆရာများ၏ ရွတ်ဖတ်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၄ ရက်တွင် ပြည်နယ် ဝန်ကြီးချုပ်အိမ်သို့ ရွှေ့ပြောင်းခဲ့သည့် ကေချန်ဒရာဆေခါရောင်း၏ အိမ်သစ်တက် အခမ်းအနားကို လူမှုမီဒီယာအသုံးပြုသူများက ဝေဖန်ခဲ့ကြသည်။
ရောင်းသည် ရာဇဝတ်မှုမြောက်သော ငွေကြေးဖြုန်းတီးမှုကို ဆောင်ရွက်ခဲ့ကြောင်း၊ အခွန်ထမ်းပြည်သူတို့၏ ငွေကိုအသုံးပြု၍ ဇိမ်ခံနေကြောင်း လူမှုမီဒီယာအသုံးပြုသူများက ဝေဖန်ခဲ့ကြသည်။
စတုရန်းပေ ၁၀၀,၀၀၀ (စတုရန်းမီတာ ၉၀၀၀) ကျယ်ဝန်းသော ဘန်ဂလိုကို ကိုးဧက မြေကွက်ပေါ်တွင် တည်ဆောက်ထားပြီး လူ ၂၅၀ ဆံ့သော ရုပ်ရှင်ရုံတစ်ခု၊ လူ ၇၀၀ ဆံ့သော အစည်းအဝေးခန်းမ တစ်ခုတို့ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အိမ်သစ်တွင် ကျည်ကာရုံးခန်းများ၊ ရောင်းနှင့်သူ၏သားအတွက် ကျည်ကာရေချိုးခန်းများ ပါဝင်သည်ဟုဆိုသည်။
အိမ်သစ်ပြောင်းရွှေ့မှုတွင် ပြည်နယ်ဝန်ကြီးချုပ် ရောင်းက ဘာသာရေးဆရာများ၏ ဆောင်ရွက်ချက်များကို ရိုက်ကူးထားသည့်ဗီဒီယိုအား ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယပြည်သူတို့က အယူသည်းမှုကို အားပေးမှုအတွက် ရောင်းကို ဝေဖန်ခဲ့ကြသည်။ ရောင်းသည် ရှေးဟောင်း ဟိန္ဒူဗိသုကာစနစ်ဖြစ်သော ဝါသတုသျှတ္တရကို ယုံကြည်မှုအတွက် လူသိများသည်။
ပြည်နယ်ဝန်ကြီးချုပ်အတွက် ရှိဆဲအဆောက်အအုံသည် ပြည်နယ်အတွက် ကံမကောင်းဟု ရောင်းက ယုံကြည်ထားသောကြောင့် ပြည်နယ်၏အဓိက အစိုးရရုံးဝင်းကိုလည်း ဖြိုဖျက်ရန် စီစဉ်နေပြီး ဝါသတုစနစ်နှင့် ညီညွတ်သည့် ရုံးသစ်တည်ဆောက်ရန် စီစဉ်နေသည်။ အကြံပြုထားသော ရုံးသစ်သည် ဒေါ်လာ ၅၂ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent