မြန်မာအသင်း မလေးရှားကို အနိုင်ယူပြီး ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၁၂ နှစ်အကြာတွင် တစ်ကျော့ပြန် တက်ရောက်

မြန်မာအသင်း မလေးရှားကို အနိုင်ယူပြီး ဆူဇူကီးပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ၁၂ နှစ်အကြာတွင် တစ်ကျော့ပြန် တက်ရောက်
Published 27 November 2016

၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီက သုဝဏ္ဏကွင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ၂၀၀၄ ပြိုင်ပွဲနောက်ပိုင်း ၁၂ နှစ် အကြာမှ တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းသည် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့ပြီး မလေးရှားအသင်းကို ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့သည်။ ပွဲအစ ၆ မိနစ်တွင် အမ်မရီ၏ အဝေးကန်ချက် တိုင်ထိထွက်ခဲ့သောကြောင့် မြန်မာအသင်း သက်သာခဲ့ရပြီး ယင်းနောက်ပိုင်းတွင်မူ မြန်မာအသင်းက တောက်လျှောက် ဖိအားပေးကစားနိုင်ခဲ့သည်။ ၈ မိနစ်တွင် အောင်သူ၏ ပြစ်ဒဏ်ဘောကန်သွင်းမှုကို မလေးရှား ဂိုးသမား ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရသလို ၁၁ မိနစ်တွင် ရရှိသည့် ပယ်နယ်တီကို အောင်သူ ဝင်အောင် မသွင်းနိုင်ခဲ့သောကြောင့် မြန်မာအသင်း နစ်နာခဲ့ရသည်။ မြန်မာအသင်းသည် သရေကျရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သော်လည်း အနိုင်ရရှိရေးအတွက် တိုက်စစ် အားမြှင့်ခဲ့ပြီး ၄၃ မိနစ်တွင် အောင်သူ၏ ပြစ်ဒဏ်ဘောကန်သွင်းမှု ဘားတန်းထိ ထွက်ခဲ့သည်။  မလေးရှားအသင်းသည် နိုင်ပွဲရယူနိုင်မှ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သောကြောင့် ဒုတိယပိုင်းတွင် ဝါရင့်တိုက်စစ်မှူး ဆာဖီဆာလီကို ထည့်သွင်းကစားခဲ့သော်လည်း မြန်မာအသင်း ခံစစ်ပိုင်း အမှားအယွင်းမရှိဘဲ ထိန်းချုပ်နိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ၈၅ မိနစ်တွင် ဒေးဗစ်ဒန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ အခြားပွဲတွင် ဗီယက်နမ်အသင်းက ကမ္ဘောဒီးယားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (ခ) ပွဲစဉ်များအပြီးတွင် ဗီယက်နမ်အသင်းက သုံးပွဲစလုံး အနိုင်ရကာ ကိုးမှတ်ဖြင့် အုပ်စု ပထမရရှိခဲ့ပြီး မြန်မာအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ခြောက်မှတ်ဖြင့် ဒုတိယနေရာရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ သုံးမှတ်ရရှိသည့် မလေးရှားနှင့် သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သည့် ကမ္ဘောဒီးယားအသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) မှ ထိုင်းနှင့် အင်ဒိုနီးရှား၊ အုပ်စု (ခ) မှ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်ကို နှစ်ကျော့ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဒီဇင်ဘာ ၄ ရက်တွင် အိမ်ကွင်းပွဲစဉ် စတင် ကစားရမည် ဖြစ်သည်။
မြန်မာအသင်းသည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ၂၀၀၄ ပြိုင်ပွဲတစ်ကြိမ်သာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ဖူးပြီး အခြားနှစ်များတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရကာ (၁၁) ကြိမ်မြောက် ပြိုင်ပွဲမှ ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို အိမ်ကွင်းတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရရှိမည်ဖြစ်သည်။

Most Read

Most Recent