ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့သစ် စာရင်းအား ပယ်ဖျက်ပေးရေးနှင့် အနည်းဆုံး လုပ်ခလစာ တစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးရေး အပါအဝင် အချက် ၁၆ ချက် အလုပ်သမား ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆို

ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့သစ် စာရင်းအား ပယ်ဖျက်ပေးရေးနှင့် အနည်းဆုံး လုပ်ခလစာ တစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးရေး အပါအဝင် အချက် ၁၆ ချက် အလုပ်သမား ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆို
Published 21 November 2016
သက်မင်း

 
ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့သစ်စာရင်းအား ပယ်ဖျက်ပေးရေးနှင့် အနည်းဆုံး လုပ်ခလစာ တစ်ရက် ကျပ် ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးရေး အပါအဝင် အချက် ၁၆ ချက်ကို တောင်းဆိုပြီး အလုပ်သမားအဖွဲ့အစည်း အသီးသီးမှ အလုပ်သမား ၁၀၀၀ ကျော်က လှိုင်သာယာမြို့နယ်တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
 
အလုပ်သမားသမဂ္ဂများကွန်ရက် အပါအဝင် အလုပ်သမားအဖွဲ့အစည်း၂၀ ကျော်မှ အလုပ်သမား ၁၀၀၀ ကျော်သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင်မှ သမကုန်းအဝိုင်း၊ သမကုန်းအဝိုင်းမှ ရုံးရှေ့မှတ်တိုင်အထိ လမ်းလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
 
၈-၇-၂၀၁၆ ခုံသမာဓိအဖွဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲ အလိုမရှိ ၁၂ -၇-၂၀၁၆ ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲ အလိုမရှိ၊ ၂၂-၁၁-၂၀၁၆ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲ အလိုမရှိ၊ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ပွဲ ပွင့်လင်းမြင်သာမှုရရှိရေး ဒို့အရေး၊ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ပွဲ အားလုံးပါဝင်ခွင့် ရရှိရေး၊ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ပွဲ တရားမျှတမှု ရရှိရေး၊ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးကို တစ်ဖွဲ့လျှင် တစ်မဲဖြင့် ဒီမိုကရေစီနည်းကျ ပြန်လည်ကျင်းပ ရွေးချယ်ရေး ဒို့အရေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခုံသမာဓိအဖွဲ့သစ်စာရင်းအား ပယ်ဖျက်ပေးရေး ဒို့အရေး၊အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ တာဝန်ယူ ဖြေရှင်းပေးရေး ဒို့အရေး၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများအား အရေးယူပေးရေး ဒို့အရေး၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများအား အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် ညီ/မညီ စိစစ်ရေး၊ CTUM အဖွဲ့ချုပ်အား အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် ညီ/ မညီ စိစစ်ရေး၊ ပြည်ပရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ စည်းကမ်းဖောက်ဖျက်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို အရေးယူရေး၊ အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ်  ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးရေး၊ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် မလိုက်နာလျှင် ထောင်ဒဏ်ချမှတ်ရန် ဥပဒေပြင်ဆင်ရေး စသည့် အချက် ၁၆ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 
“အလုပ်သမားထုနဲ့ ပတ်သက်ပြီး အခွင့်အရေးဆုံးရှုံးတာတွေရယ်၊ ဥပဒေတွေ ပြင်ဆင်ပေးဖို့ရယ် ဦးတည်ပြီး ဆန္ဒပြတာပါ။ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်မှုတွေမှာလည်း ကျွန်မတို့ ကန့်ကွက်ထားပါတယ်။ အောက်တိုဘာ ၂၂ ရက် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်ပွဲမှာလည်း CTUM အဖွဲ့က ဒီအတိုင်းပဲ လုပ်ဆောင်သွားတယ်။ ဒါ့အပြင် အငြင်းပွားနေတဲ့ တိုင်းခုံသမာဓိအဖွဲ့ကိုလည်း ရန်ကုန်တိုင်းအစိုးရက ခန့်အပ်လိုက်ပါတယ်။ အဲဒီလို အငြင်းပွားမှုတွေ ရှိနေတဲ့ကြားက ခန့်အပ်လိုက်တဲ့အပေါ်ကို ဒီအရာတွေကို  ပယ်ဖျက်ပေးဖို့နဲ့ ရွေးချယ်ပွဲတွေ ပြန်လည်ရွေးချယ်ဖို့ရယ်၊ ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တွေက ပြန်လည် ဖြေရှင်းပေးဖို့ရယ် ဆန္ဒပြတောင်းဆိုတာပါ။ နောက်ပြီး တစ်ရက်လုပ်ခလစာ ကျပ် ၅၆၀၀ ဆိုတာကလည်း ၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့တာပါ။ အခုဆို ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဒေါ်လာဈေးတွေ တက်လာတယ်။ တစ်ရက် ကျပ် ၃၀၀၀ ကျော်နဲ့ ဘယ်လိုမှ မလောက်ငဘူး” ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် မလှလှက ပြောကြားသည်။
 
“လစာက တက်လာတယ် ထင်ရပေမယ့် ကုန်ဈေးနှုန်းက ပိုတက်နေတယ်။ ပြည်တွင်းစစ်တွေ ဖြစ်တဲ့အခါမှာ ပြည်တွင်းစစ်က ရန်ကုန်ဟာ ခိုလှုံရာဖြစ်နေတယ်။ အဲဒီမှာမှ လှိုင်သာယာဟာ ခိုလှုံစရာပဲ။ လှိုင်သာယာဟာ စနက်တံ မဖြုတ်ရသေးတဲ့ ဗုံးတစ်လုံးလိုပဲ။ အချိန်မရွေး အန္တရာယ်ပေးနိုင်တယ်။ လူဦးရေ အရမ်းထူထပ်တယ်။ ထူထပ်တဲ့အလျောက် အိမ်ခန်းငှားခတွေ ဈေးကြီးလာတယ်။ ထရံကာ ၁၀ ပေပတ်လည် အခန်းလေးကိုတင် လေး ငါးသောင်း ပေးနေရတယ်။ နောက်ပြီး ၁၈ နှစ်ကနေ ၂၄ နှစ်ကြား မိန်းကလေးတွေ အများကြီးပဲ။ လူကုန်ကူးမှုတွေလည်း ထူပြောနေတယ်။ လုပ်ငန်းရှင်ဘက်ကတော့ ရှင်းတယ်။ ဒီလောက်လူတွေ များနေတာ ဒီလူမကောင်းရင် နောက်လူ အချိန်မရွေး ခေါ်ခိုင်းလို့ရပေမယ့် အလုပ်သမားဘက်ကကျတော့ တစ်ရက် ကျပ် ၃၀၀၀ ကျော်နဲ့ စားဝတ်နေရေး မပြေလည်တာတွေ ရှိတယ်။ ကုန်ဈေးနှုန်းက တဖြည်းဖြည်း တက်လာပြီး အလုပ်သမားတွေရဲ့ ဝင်ငွေ တက်မလာတာဟာ ပြဿနာ အဓိကပါ။ အမှန်အတိုင်းပြောရရင် အလုပ်သမားအခွင့်အရေးဘက်က အစိုးရသစ်နဲ့ အစိုးရဟောင်းကြားမှာ ဘာမှခြားနားသွားတာ မရှိသေးဘူးလို့ မြင်ပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုနန္ဒာစစ်အောင်က ပြောကြားသည်။
                  

Most Read

Most Recent