FDA ထောက်ခံချက်၊ လိုင်စင်အမှတ်၊ လိပ်စာနှင့် ထုတ်လုပ်ကုန်ဆုံး ရက်စွဲများ မပါရှိသည့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်း စတင်အရေးယူမည်

FDA ထောက်ခံချက်၊ လိုင်စင်အမှတ်၊ လိပ်စာနှင့် ထုတ်လုပ်ကုန်ဆုံး ရက်စွဲများ မပါရှိသည့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်း စတင်အရေးယူမည်
Published 15 November 2016
နေရိုင်း၊ ကျော်မျိုး

FDA ထောက်ခံချက်အမှတ်၊ လိုင်စင်အမှတ်၊ လိပ်စာနှင့် ထုတ်လုပ် / ကုန်ဆုံးရက်စွဲများ မပါရှိသည့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို ဇန်နဝါရီ ၁၅ ရက်နောက်ပိုင်းမှ စတင်အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားသည်။“ထုတ်ပြီဆိုတာနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိရပါတယ်။ ကျွန်တော်တို့ထုတ်ထားတဲ့ ပစ္စည်းဟာ တစ်ခုခုဖြစ်ရင် မကျေနပ်ရင် ဒီဖုန်းနံပါတ်ကို ဆက်ပါ။ ဒီလိပ်စာကို ဆက်သွယ်ပါ။ ဖုန်းနံပါတ်၊ လိပ်စာပါရပါမယ်။ ပြီးရင် ကျွန်တော်တို့က ထုတ်လုပ်ဖို့ ထောက်ခံထားတဲ့ ထောက်ခံချက်အမှတ် ပါရပါမယ်။ ပြီးရင် လိုင်စင်ပေးတဲ့ဌာနရဲ့ လိုင်စင်အမှတ် ပါရမယ်။ ထုတ်လုပ်တဲ့ရက်၊ ကုန်ဆုံးတဲ့ရက် ပါရမယ်။ ဒီအချက်တွေမပါရင် ကျွန်တော်တို့က ဈေးကွက်မှာ ထိန်းသိမ်းမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားသည်။နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် စားသောက်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင်များတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ပြင်ဆင် ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“နဂိုလည်း ရှိပြီးသားပါ၊ တချို့လည်း စည်းမဲ့ကမ်းမဲ့ ထုတ်နေကြတာပဲ။ ဒါကြောင့် အားလုံးနားလည်အောင် သတင်းစာထဲမှာ သတိပေးမယ်။ ဇန်နဝါရီ ၁၅ နောက်ပိုင်းမှာတော့ ဈေးကွက်ထဲမှာ ဒါတွေတွေ့ရင် ဖမ်းဆီးထိန်းသိမ်းမှာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းတာကိုမှ မလိုက်နာရင်တော့ ဥပဒေအရ သူ့အဆင့်နဲ့သူ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။အရေးယူရာတွင် စီမံခန့်ခွဲသည့် နည်းလမ်းများဖြင့် ကုန်ပစ္စည်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရောင်းချခွင့်ပိတ်ခြင်း စသည့် နည်းလမ်းများ၊ ကျူးလွန်သည့် ပြစ်မှုအပေါ်မူတည်ကာ အစားအသောက် ဥပဒေ၊ ဆေးဝါး ဥပဒေ၊ စည်ပင်သာယာ ဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ထိန်းသိမ်း အရေးယူရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး စသည်တို့အပြင် ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့များကလည်း ပါဝင်ထိန်းသိမ်းမည် ဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။        

Most Read

Most Recent