ပြည့်ဝမ်းလို့ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေကို အမှီပြုပြီး အစိုးရနဲ့ ပြည်သူတွေသာ အတူတကွကြိုးစားရင် မြန်မာ့စီးပွားရေးဟာ လာမယ့် ခြောက်လလောက်အတွင်း နှစ်ဆ၊ သုံးဆ လောက် အရှိန်တက်လာမယ်။ မကြာခင်မှာ မြန်မာ့စီးပွားရေး တိုးတက်မယ်လို့ မုချယုံတယ်ဆိုပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ခရိုနီလို့ ပြည်သူတွေသိတဲ့ အစိုးရနဲ့ ရင်းနှီးတဲ့လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြန်မာ့စီးပွားရေး တိုးတက်ဖို့အတွက် လုပ်ငန်းရှင်ကြီးတွေ ပါဝင်ကူညီဖို့၊ အရင်ကလို ကိုယ်ကျိုးအတွက် မလုပ်တော့ဘဲ အများအတွက်လုပ်ဖို့၊ ဒီလိုအနာဂတ်မှာ ကောင်းတာလုပ်ရင် NLD အစိုးရ အနေနဲ့လည်း လုပ်ငန်းရှင်ကြီးတွေရဲ့ အတိတ်ကိုပြန်မကြည့်ဘဲ အနာဂတ်မှာ ကောင်းတာလုပ်ပါ၊ ကောင်းတာလုပ်ရင် အရေးမယူဘူး ဆိုတာကို အဖွင့်မိန့်ခွန်းမှာ ပြောခဲ့တာပါ။ အဲဒီနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောပြီးတဲ့နောက်မှာ စီးပွားရေးပိတ်ဆို့မှုဒဏ်ခံရဖူးတဲ့ ဦးဝင်းအောင်၊ ဦးခင်မောင်အေးနဲ့ ကမ္ဘောဇ လုပ်ငန်းစုက ဒေါ်နန်းလိုင်းခမ်းတို့ တက်ရောက်ပြောခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းရှင် ကြီးသုံးဦးမှာ ဒေါ်နန်းလိုင်းခမ်းတစ်ဦးကပဲ နိုင်ငံ့အတွက် အခွန်အများဆုံးထမ်းနေရင်းနဲ့ ဆက်လက်ကူညီမယ်လို့ ကတိပေးပြောကြား သွားပါတယ်။ ဦးဝင်းအောင်နဲ့ ဦးခင်မောင်အေးကတော့ သာမန်အကြံပြုတွေနဲ့ သူတို့ရဲ့လိုအင်ဆန္ဒတွေပဲ ပြောသွားခဲ့တာဖြစ်ပြီး နိုင်ငံ့အတွက် လူထုခေါင်းဆောင်က အတိတ်က လာဘ်ပေးလာဘ်ယူတွေ၊ အခွန်ရှောင်တာတွေ၊ အစိုးရနဲ့ဘက်ပင်းပြီး အခွင့်အရေးယူခဲ့တာတွေကို အရေးမယူတော့ဘူးဆိုတဲ့ သဘောပြောပြီး အကူအညီတောင်းခဲ့ချိန်မှာ ဒီလိုအတိတ်ဟောင်းတွေပြင်ပါမယ်။ အနာဂတ်မှာ ပြည်သူ့အတွက် အလုပ်လုပ်ပါမယ် ဆိုတာ အားနာသမှုနဲ့တောင် မပြောခဲ့ပါဘူး။
“လူထုခေါင်းဆောင်က မေတ္တာရပ်ခံတာကို အင်မတန် လူကြီးလူကောင်းပီပီသသ ပြောသွားတာကို သူတို့တုံ့ပြန်ရမှာ။ ဘယ်လိုတော့ ကျွန်တော်တို့ လုပ်သွားပါ့မယ်ပေါ့။ နောက်ဆုံးဝန်ခံလိုက်ရင်တောင် သိပ်ကောင်းတယ်။ ဝန်မခံလည်း လူတိုင်းသိပြီးသား။ ဝန်ခံလိုက်ရင် အရှက်ကွဲသွားမယ်ထင်နေတာ။ အဲဒါက ပိုဆိုးသွားတယ်။ ဝန်မခံဘဲ ကိုယ်ကျိုးပဲ ဆက်ပြောနေတာက ပိုတောင်ရှက်စရာကောင်းသေးတယ်။ ခက်တာက လူတွေက ကိုယ့်အပြစ်ကိုယ် မသိဘူးပဲပြောရမှာပေါ့” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးမင်းခင်က ခရိုနီကြီးများ စင်ပေါ်တက်ကာ ကိုယ်ကျိုးသာဆက်ပြော သွားမှုအပေါ် သုံးသပ်ပါတယ်။
ဦးကျော်ဝင်းရဲ့ ပြောစကားတွေကို ပြန်ကောက်ရမယ်ဆိုရင်” ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကြုံတွေ့နေရတဲ့ အခက်အခဲကို ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ပြည့်ဝမ်းလို့ခေါ်တဲ့ လုပ်ငန်းရှင်ကြီးများဟာ ရှေ့အနာဂတ်မှာ ကျွန်တော်တို့ ပြည်သူအတွက် အတူလက်တွဲ လုပ်ဆောင်မယ်ဆိုရင် အခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စီးပွားတုံ့နှေးနေမှု နောက်လာမယ့် ခြောက်လအတွင်းမှာ အရှိန်နှစ်ဆ၊ သုံးဆတက်သွားမယ်လို့ ယုံကြည်ပါတယ်။ ကြုံခဲ့ရတဲ့ သင်ခန်းစာတွေဟာ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒါတွေကိုအခြေခံပြီး စီးပွားရေးမူဝါဒတွေ ငြိမ်းချမ်းရေးမူဝါဒတွေကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မှန်မှန် ကျင့်သုံးမယ်ဆိုရင် ခုနကပြောတဲ့ ပြည့်ဝမ်းလို့ခေါ်တဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ မိမိတို့လုပ်ငန်းကို မှန်မှန်ကန်ကန် အေးအေးချမ်းချမ်းနဲ့ မိမိတို့လုပ်ငန်းကို တရားဥပဒေဘောင်ထဲက ဘယ်လုပ်ငန်းမဆို လုပ်ကိုင်နိုင်မယ်ဆို ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ ပကတိစီးပွားရေးတုံ့ဆိုင်းမှုဟာ မကြာခင် ကာလအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ တိုးတက်သွားမယ်ဆိုတာ အပြည့်အဝယုံကြည် ပါတယ်” လို့ ဦးကျော်ဝင်းက ဆိုခဲ့ပါတယ်။
ခရိုနီလို့ ပြည်သူတွေက သမုတ်တဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ သာမန်ပြည်သူတွေအကြား မှာ ‘အာဏာရှိသူတွေနဲ့ ပေါင်းပြီးလုပ်နေတာ၊ ဥပဒေနဲ့အညီလုပ်နေတာ မဟုတ်ဘူး’ ဆိုတဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲနေလို့ စိတ်မကောင်းဘူးလို့ ပြောခဲ့သလို တစ်ချိန်တုန်းက ကိုယ်ကျိုးအတွက်လုပ်ခဲ့သူတွေ အများအတွက် မလုပ်နိုင်ဘူးလားလို့ မေးခွန်းထုတ် တောင်းဆိုခဲ့ပါတယ်။ ဒီလိုပဲ ဦးကျော်ဝင်းကလည်း ခရိုနီတံဆိပ်ကပ်ခံရသူတွေ၊ လုပ်ငန်းရှင်ကြီးတွေကို ‘ပြည့်ဝမ်းကို မဖောက်ရာ’ ဆိုတဲ့ ရှေးဆိုရိုးစကားကို ကိုးကားပြီး လက်တွဲလုပ်ဖို့ မျှော်လင့်တောင်းဆိုခဲ့ပါတယ်။ ခရိုနီတွေ လုပ်ငန်းရှင်တွေကရော တောင်းဆိုမှုတွေကို လက်ခံပြီး အများအကျိုးအတွက် လုပ်ဖို့အသင့်ဖြစ်နေပြီလားဆိုတာကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ သုံးသပ်ထားတာက စီးပွားရေးက ၂၀၁၄ နှစ်လယ်လောက်ကတည်းက နှေးလာတာ။ ၂၀၁၀ မှာ ရွေးကောက်ပွဲအပြီး အစိုးရအတက် အပြောင်းအလဲမှာ အရင်ပြန်လုပ်လာတဲ့လူတွေ တက်လို့ရလာ အောင်လုပ်တော့ ပွဲဆူသွားတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတယ်။ ပြည်တွင်းမှာ အလုပ်တွေ အမျိုးမျိုးလုပ်လာတယ်။ ပိုက်ဆံတွေက အမျိုးမျိုးရှိတာကိုး။ အိပ်ရာပေါ်ထားတဲ့ ပိုက်ဆံတွေရှိတယ်။ ငွေမည်းတွေရှိတယ်။ တိုင်းပြည်ပြောင်းလဲတော့ မျှော်လင့်ချက်တွေ နဲ့ဝင်လာတယ်။ အဲဒီလိုစီးပွားရေးက အနှစ်မပါဘူးလို့ ပြောရမလားမသိဘူး။ ခိုင်မာတဲ့ စီးပွားရေးလည်ပတ်ပုံလို့ ပြောလို့မရဘူး။ ၂၀၁၄ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြုတ်ကျသွားတာကိုကြည့်လေ။ အဲဒီလိုဟာတွေကြောင့် ၂၀၁၄ မှာ စနှေးတယ်။ ပြီးတော့ ၂၀၁၅ ခုနှစ်တစ်နှစ်လုံး နှေးသွားတယ်။ တချို့ အချက်အလက်တွေအရဆိုရင် စီးပွားရေး တိုးတက်မှုက မရှိသလောက်ဘဲ။ ရေကြီးတာ တွေဖြစ်တယ်။ ရွေးကောက်ပွဲ စောင့်ကြည့်ကြတယ်။ အဲဒီဟာတွေလည်းပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ ရေကြီးတာဆက်ဖြစ်တယ်။ အစိုးရ အကူးအပြောင်း စောင့်ကြည့်ကြတယ်။ အဲဒီဂယက်တွေပါလာတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ အစိုးရသစ်တက်လာတော့ မျှော်လင့်ချက်တွေ တော့ရှိလာပြီ။ မျှော်လင့်ချက်ရှိလာပေမယ့် ရင်းနှီးမြှုပ်နှံတာတို့ ချက်ချင်းမလွယ်ဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကလည်း အများကြီး ကြည့်တယ်လေ။ ခွင်ရိုက်လို့ရတဲ့ခေတ်၊ စည်းမဲ့ကမ်းမဲ့ လုပ်လို့ရတဲ့ခေတ်မှာ ခွင်သမားတွေ၊ စည်းမဲ့ကမ်းမဲ့သမားတွေကတော့ ကြိုက်တာပေါ့။ ပြေးလာတာပေါ့။ ဒါပေမဲ့ လူတွေများလာတဲ့ခေတ်မှာ ပိုပြီးစောင့်ကြည့်လာတယ်။ အစိုးရကလည်း စီးပွားရေးစီမံခန့်ခွဲမှု အပိုင်းမှာတောင် သူမလုပ်နိုင်ဘူး။ လတ်တလော လုပ်လို့ရတဲ့အပိုင်းမှာလည်း တော်တော်လေး အားနည်းတယ်။ အခုတော့ ပြန်ကြိုးစားနေ တယ်။ ပြန်ကြိုးစားတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာတယ်။ စီးပွားရေး မူဝါဒထွက်လာတယ်။ ဒီမူဝါဒအပေါ် သဘောထားမိန့်ခွန်း ပြောတယ်။ အဲဒီလိုလုပ်လာတော့ စီးပွားရေး ပြန်လည်လည်ပတ်ဖို့တော့ ရှိလာတာပေါ့။ လည်ပတ်လာဖို့ အနေအထားရှိပေမယ့် နှေးတုန်းပဲပေါ့။ ဒါပေမဲ့ အချက်တစ်ချက်တော့ရှိတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဦးသိန်းစိန် တက်ခဲ့တဲ့အချိန်မှာ ဒေါ်လာဈေးက ၈၀၀ ကျော် လောက်မှာ တန်းနေခဲ့တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့သုံးသပ်ချက်က အဲဒါသည် ဈေးမှန်မဟုတ်ဘူး။ ဒါဆိုဘာလို့ ၈၀၀ ဖြစ်လဲ။ မြန်မာငွေက တန်ဖိုးတက်နေလို့လား။ ဒါလည်းမဟုတ်ဘူး။ မြန်မာငွေတန်ဖိုးတက်ဖို့ဆိုရင် မြန်မာ့စီးပွားရေးက တက်နေရမယ်။ အဲဒီလိုတွေမရှိခဲ့တော့ အဓိပ္ပာယ်က စီးပွားရေးတန့်နေတာ။ ဒါပေမဲ့ ၂၀၁၀ ကျော်လာတယ်။ ဒေါ်လာဈေးက ၁၂၀၀၊ ၁၃၀၀ ကျော် လာတဲ့အချိန်မှာ တခြားသက်ရောက်မှုတွေ ပါသလို စီးပွားရေး ပြန်လည်လည်ပတ် လာတာကြောင့်လည်းပါတယ်။ ဈေးကွက်သဘာဝက ဈေးနှုန်း အမှန်တကယ်တန်ဖိုးက အလိုလို ထိန်းညှိတယ်။ ဒီလို ထိန်းညှိတယ်ဆိုရာမှာလည်း မြန်မာပြည်လို့ မရင့်ကျက်တဲ့နိုင်ငံမှာ အကန့်အသတ်တွေက အများကြီးပဲ။ အဲဒီလို ဒေါ်လာဈေးတက်လာတဲ့အခါမှာ အဲဒီဂယက် တွေလည်း အထိုက်အလျောက်ပါသလို ပို့ကုန် မရှိလို့ ဒေါ်လာရှားသွားတာ။ ကုန်သွယ်မှုလို ငွေများနေတာ့” လို့ NLD စီးပွားရေး ကော်မတီဝင်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ဖြစ်သူတစ်ဦးက ဦးကျော်ဝင်းရဲ့ ပြောကြားမှုအပေါ် သုံးသပ်ပါတယ်။
ဆန်ရှင်လွတ်လာခြင်း၊ လုပ်ငန်းရှင်ကြီးများနဲ့ အခွန်ယိုပေါက်
အမေရိကန်ရဲ့ အရေးပိတ်ဆို့ခံထားရတဲ့ စာရင်းက ပယ်ဖျက်ခံရသူ စာရင်းမှာ အရင် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်တွေ ပါဝင်နေပါတယ်။ ပိတ်ဆို့မှုပယ်ဖျယ်ခံရသူတွေမှာ ဦးသန်းရွှေ၊ ဦးမောင်အေး၊ လက်ရှိဒုတိယသမ္မတ ဦးမြင့်ဆွေ၊ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးမောင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦးလွန်းသီ၊ ဦးကျော်ဝင်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးတင်နိုင်သိန်း၊ ဦးသိန်းဇော်၊ ဦးစောထွန်း၊ ဒေါက်တာချမ်းငြိမ်း၊ ဦးဇော်မင်း၊ ဦးသောင်း၊ ဦးလှထွန်း၊ ဦးစောလွင်၊ ဦးစိုးသာ၊ ဒေါက်တာကျော်မြင့်၊ ဦးအောင်သိန်းလင်း (မြို့တော်ဝန်ဟောင်း) တို့ ပါဝင်လာပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ တားမြစ်ပိတ် ပင်ခံထားရတဲ့ မြန်မာနိုင်ငံက ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးအောင်သက်မန်း စတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပိတ်ဆို့ခံစာရင်းက ပယ်ဖျက်ခံရပြီး သူတို့ရဲ့ မိသားစုဝင်တွေ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ သစ်၊ ကျောက်မျက်၊ ဘဏ်၊ လေကြောင်းလိုင်း၊ ဟိုတယ်၊ ဆိပ်ကမ်း၊ အာမခံ၊ ဝန်ဆောင်မှု စတဲ့လုပ်ငန်းကြီးတွေလည်း တားမြစ်စာရင်းက လွတ်မြောက်ခဲ့ပါတယ်။
စီးပွားရေး ပိတ်ဆို့ခံရတဲ့ စာရင်းက လွတ်လာတဲ့ ခရိုနီတွေရဲ့ လုပ်ငန်းစုတွေမှာဆို ထူး၊ မက်စ်၊ ယုဇန၊ ဇေကမ္ဘာ၊ အေးရှားဝေါလ်၊ ဧရာ ရွှေဝါ၊ အဲပုဂံ၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ်တွေနဲ့ ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ပိုင် မြန်မာစီးပွား ရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းတို့ကိုလည်း စီးပွားရေး အရေးယူပိတ်ဆို့တဲ့စာရင်းက ပယ်ဖျက်ပေးခဲ့ပြီး ဒီလုပ်ငန်းစုတွေရဲ့ ဘဏ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ပါဝင်လာပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးသမားတွေ တွေ့ဆုံမှုဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်းဖြစ်ပြီး ဒီတွေ့ဆုံပွဲကို ထိပ်တန်းလုပ်ငန်းရှင်တွေဖြစ်တဲ့ ကမ္ဘောဇလုပ်ငန်းစုက အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း FMI ဦးသိမ်းဝေ၊ CB ဘဏ် နှင့် Myanmar Microfinance Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး ၊ ဧဒင်ဦးချစ်ခိုင်၊ ထူးကုမ္ပဏီက ဦးတေဇရဲ့ သားနှစ်ဦးဖြစ်တဲ့ ဦးပြည့်ဖြိုးတေဇနဲ့ ဦးထူးတေဇ၊ Maxဦးဇော်ဇော်၊ Da-gon International ဦးဝင်းအောင်၊ ပတ္တမြားနဂါး ဦးနေဝင်းထွန်း၊ ဦးဇော်ဝင်းရှိန်၊ ဇေကမ္ဘာ ဦးခင်ရွှေ ကုန်သည်စက်မှုအသင်းချုပ်က လုပ်ငန်းရှင်တွေနဲ့ အခွန်ထမ်းထိပ်တန်းမဟုတ်တဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေရဲ့မြေးဖြစ်သူ ဦးနေရွှေသွေးအောင်တို့ တက်ရောက်ပါတယ်။ ဒီလူတွေထဲမှာ နှစ်စဉ်ထိပ်တန်း အခွန်ထမ်းထဲ အမြဲပါနေတဲ့ ကမ္ဘောဇဘဏ်နဲ့ ဦးဇော်ဇော်တို့ ဖယ်လိုက်မယ်ဆိုရင် တချို့ထိပ်တန်း အခွန်ထမ်းတွေဟာ ၂၀၁၄-၂၀၁၅ ခုနှစ်ကျမှ အခွန်ပိုမိုထမ်းဆောင်လာတာကို တွေ့ရပါတယ်။
အခွန်ထမ်းလို့ နိုင်ငံတော်က ဂုဏ်ပြုခံရတဲ့ အခြေအနေမျိုးမှာ အခွန်မရှောင်တော့ဘဲ အခွန်ထမ်းလာသူတွေကို ဂုဏ်ပြုရမှာ ဖြစ်သလို အခွန်ရုတ်တရက် မြင့်တက်ပေးဆောင်လာတဲ့ ထိပ်တန်းအခွန်ထမ်းတွေထဲက တချို့ကိုလည်း ထုတ်ပြဖို့လိုပါမယ်။
ဦးချစ်ခိုင်ရဲ့ Denko Trading ဟာဆို ရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ဝင်ငွေခွန် သုံးဘီလျံအောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၁၀ ဘီလျံအောက်အထိ အဆပေါင်းများစွာ တိုးတက် အခွန်ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဦးတေဇ ထူထောင်ခဲ့တဲ့ AGD ဘဏ် ဟာဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ကျပ်သန်း ၃၀၀ အောက်ပဲ အခွန်ဆောင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ် နှစ်မှာတော့ ကျပ် ၃ ဘီလျံအောက်အထိ ဆယ်ဆလောက် အခွန်တိုးမြှင့်ထမ်းဆောင်လာခဲ့ပြီး တစ်နှစ်အတွင်းမှာ အဆပေါင်းများစွာ တိုးတက်လာတာကို အံ့သြဖွယ်တွေ့ ရပါတယ်။
ဦးကျော်ဝင်းရဲ့ ရွှေသံလွင်မီဒီယာဟာ ဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ ကျပ်သန်း ၈၀၀ အောက်ပဲ အခွန်ဆောင်ခဲ့ ပေမယ့်၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် ၂ ဘီလျံအောက်အထိ အခွန်တိုးတက် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဒီလိုပဲ ဦးအိုက်ထွန်းနဲ့ ဦးအောင်ဇော် နိုင်တို့ရဲ့ Shwe Taung Energy ကုမ္ပဏီဟာ ဆိုရင်လည်း ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှာ အခွန်ထမ်း ထိပ်တန်း ၁၀၀၀ စာရင်းမှာတောင် မပါခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ စည်းကြပ် နှစ်မှာတော့ ကျပ်ငါးဘီလျံအောက်အထိ အဆပေါင်းများစွာ အခွန်တိုးတက် ထမ်းဆောင်လာခဲ့တာကို တွေ့ရပါတယ်။
တော်ဝင်ဦးကိုကိုထွေးရဲ့ Taw Win Family ဆောက်လုပ်ရေး ကုမ္ပဏီဟာဆိုရင်လည်း အခွန် ၁၀ ဆလောက်တက်ပြီး ထမ်းဆောင်ခဲ့ပြီး ၂ ဘီလျံအောက် အခွန်တိုးတက် ထမ်းဆောင်ခဲ့တာတွေ့ရသလို ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီဟာဆိုရင်လည်း ယခင်နှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းမှာတောင် ခြေရာပျောက်နေခဲ့ပေမယ့် ၂၀၁၄- ၂၀၁၅ စည်းကြပ်နှစ်မှာတော့ ကျပ် နှစ်ဘီလျံ အောက်အထိ အခွန်ထမ်းလာခဲ့တာ အားကျစဖွယ် တွေ့မြင်ရပါမယ်။
တကယ်ဆိုရင် ဒီကုမ္ပဏီတွေထဲက အများစုဟာ အရင်စစ်အစိုးရနဲ့ နီးစပ်ခဲ့သူတွေ ဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက်အထိ အခွန်ထမ်းဆောင်မှု နည်းပါးခဲ့သူတွေပါ။ လက်ရှိ NLDအစိုးရ တက်တော့မယ့်အချိန်ကျမှ အခွန်ထမ်း ထိပ်တန်းစာရင်းအဖြစ်ပါဝင်ဖို့ အချိန်ကိုက် အခွန်ထမ်းဖို့ ကြိုးစားလာတာကို ဂုဏ်ပြုရမှာဖြစ်သလို အရင်အစိုးရတွေတုန်း ကလို နည်းနည်းလေး မှန်တာလုပ်ပြပြီး များများကြီး လာဘ်ပေးလာဘ်ယူ လုပ်သွားနိုင်တာမျိုးတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကုမ္ပဏီတွေ ရုံးစိုက်ရာ ပြည်တွင်း အခွန်ရဲ့ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီကိုလည်း အရင်နှစ်တွေတုန်းက အခွန်မဆောင်ခဲ့ဘဲ အခုမှ ရုတ်ခြည်း ဘီလျံနဲ့ချီ အခွန်ဆောင်လာ နေတာက အခွန်ရှောင်ခဲ့တာလား၊ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ကြတာလားဆိုတာကိုတော့ ပြန်လည် ဆန်းစစ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခွန်ထမ်းထိပ်တန်းဖြစ်ပြီး ငါးနှစ်ဆက် ဝင်ငွေခွန်အမြင့်ဆုံး ပေးဆောင်သူဖြစ်ဖို့ မျှော်လင့်နေတဲ့ ကမ္ဘောဇလုပ်ငန်းစုက အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းလိုင်း ခမ်းဟာဆိုရင်လည်း ကမ္ဘောဇဘဏ်ဟာ ငါးနှစ်ဆက် အခွန်ထမ်းထိပ်တန်းဖြစ်ဖို့အပြင် အခွန်ဝန်ထမ်းတွေ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုတင်ပြ သွားပါတယ်။
“တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဝန်ထမ်းတွေကလည်း ပုံစံမတူ၊ နည်းမျိုးစုံ ကွဲလွဲကောက်ခံနေတာမျိုး မဖြစ်သင့်ဘဲ ဥပဒေနဲ့အညီ ဘက်မလိုက်၊ မျှမျှတတ၊ မှန်မှန်ကန်ကန်၊ အဂတိကင်းမဲ့စွာ ဆောင်ရွက်သွားဖို့ အထူးလိုအပ်ပါတယ်” လို့ ဒေါ်နန်းလိုင်းခမ်းက အကြံပြုသွားခဲ့ပါတယ်။
လုပ်ငန်းရှင်ကြီးတွေ ပါဝင်ကူညီဖို့ အသင့်ဖြစ်နေပြီလား
လာဘ်ပေးလာဘ်ယူ နေမှုနဲ့ အသားကျနေတဲ့ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေဟာ NLD အစိုးရလက်ထက်မှာလည်း လာဘ်ပေးခြင်းနဲ့ပဲ အခွင့်အရေးယူဖို့ ဆက်ကြိုးပမ်းနေဆဲပါ။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဝန်ကြီးတွေက ဖြူစင်ပြီးအောက်က မပြောင်းလဲသေးဘူး။ အောက်ကမပြောင်းလဲရင် တိုင်ပါလို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ တည်ဆဲ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ကော်မရှင်ဟာ အားနည်းချက်တွေကြောင့် ဝေဖန်ခံနေရတဲ့ အခြေအနေပါ။ ဒါ့အပြင် ပိုင်ဆိုင်မှု အခွန်ကလည်း မြန်မာနိုင်ငံမှာ မပြဋ္ဌာန်း နိုင်သေးပါဘူး။ လာဘ်ပေးလာဘ်ယူလုပ်ခွင့် ရတဲ့ဌာနက ညွှန်ကြားရေးမှူးတစ်ဦးဟာ မြန်မာနိုင်ငံ အနှံ့အပြားက မြို့နယ်တွေရဲ့ နေရာကောင်းမှာ အိမ်အလုံးရေရာနဲ့ချီပိုင်ခဲ့တဲ့ ခေတ်မှာ ပိုင်ဆိုင်မှု အခွန်ဥပဒေပြဋ္ဌာန်းဖို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြဋ္ဌာန်းမှာလိုလို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့က ပြဋ္ဌာန်းမှာလိုလို၊ မြို့နယ်စည်ပင်တွေကပဲ ဥပဒေပြဋ္ဌာန်းတော့မှာလိုလိုနဲ့ ဘယ်အ စိုးရဋ္ဌာနကမှ မပြဋ္ဌာန်းဘဲ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ အားနည်းတဲ့ ပေးထားချက်တွေကို ကိုးကားပြီး ဘော်လီဘော ပုတ်နေတဲ့အခြေအနေပါ။
ပိုင်ဆိုင်မှု အခွန်ဥပဒေ(Property Tax)၊ အားနည်းနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလို နောက်ထပ်အရေးပါတဲ့ ဥပဒေ လက်ဝါးကြီးမှုတွေကို တားဆီးကာ ကွယ်နိုင်တဲ့ ယှဉ်ပြိုင်မှု ဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေသုံးခု ခိုင်မာအားကောင်းမှုမရှိဘဲနဲ့ ခရိုနီတွေဆီက တရားမျှတမှုကို နိုင်ငံနဲ့ ပြည်သူတွေရလာဖို့ မသေချာပါဘူး။
မြန်မာနိုင်ငံမှာ Competition Law က ပြဋ္ဌာန်းပြီးပါပြီ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ယှဉ်ပြိုင်မှု ဥပဒေမှာ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်တာကို ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး သတ်မှတ်ချက်တွေ ကျုးလွန်ဖောက်ဖျက်ရင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်သုံးနှစ် ဒါမှမဟုတ် ဒဏ်ငွေ ကျပ်သိန်း ၁၅၀ ဒါမှမဟုတ် ဒဏ်နှစ် ရပ်စလုံး ချမျတ်နိုင်ပါတယ်။ ယှဉ်ပြိုင်မှု ဥပဒေအရ ဈေးကွက်အတွင်း မည်သူမဆို လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းချခွင့်ရှိပြီး မျှတတဲ့ ရောင်းချမှုပုံစံမဟုတ်ဘဲ စားသုံးသူအတွက် ထိုက်သင့်တဲ့နှုန်းထားထက် ပိုမိုပြီး ကုန်သည်အချင်းချင်း ညှိနှိုင်းပြီး ဈေးကွက်ထိန်းချုပ်ထားတာ၊ အရင်းအမြစ်နဲ့ နည်းပညာများ ကန့်သတ်တာ၊ ပြည်တွင်း ပြည်ပဈေးကွက် မျှတဖို့အတွက် ရည်ရွယ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
ဒီလို ပြဋ္ဌာန်းထားတဲ့ဥပဒေ အသက်ဝင်မှုကိုတော့ သမ္မတဟောင်းဦးသိန်းစိန်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကျမှ အာဏာတည်စေရမယ်လို့ သတ်မှတ်ထုတ်ပြန်ထားပြီး ဒီလိုသတ်မှတ်မှုဟာ သဘောရိုးနဲ့ မဟုတ်ဘဲ နောက်အစိုးရ အကျပ်တွေ့အောင် လုပ်တာလို့ ဥပဒေပညာရှင် အသိုင်းအဝိုင်းက သုံးသပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
“ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ဦးတည်ပြီဆိုရင် Competition Law ပဲခေါ်ခေါ် Anti-Monopoly Law ခေါ်ခေါ်ပေါ့။ အဲဒီ ဥပဒေတွေက လိုကိုလိုအပ်တယ်ဗျ။ Competition Law ဆိုတာနဲ့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုတွေ သတ်မှတ်လိုက်တယ်ပေါ့။ Competition မရှိတဲ့စနစ်က ခရိုနီစီးပွားရေး စနစ်ပေါ့။ Competition Law ရှိလာရင် ခရိုနီက သူ့အလိုလို လျော့နည်းသွားမယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ်လို့ မရဘူးလေ။ တင်ဒါခေါ်တဲ့စနစ်တွေ ဈေးကွက်ထဲမှာ လက်ဝါးချင်းရိုက်ပြီး ဈေးကစားတာတွေ အတွက်ကတော့ ဘာပဲပြောပြော မျှတစွာ တစ်ပြေးညီ သတင်းအချက်အလက်ရပြီး တစ်ပြေးညီ ဖန်တီးနိုင်ပြီဆိုတဲ့ အခြေအနေမျိုးမှာ ဒါကို စဉ်းစားဖို့လိုမယ်။ တရုတ်လို နိုင်ငံမျိုးမှာတောင် ဒီဥပဒေရှိနေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေဘယ်လောက်အထိ အသက်ဝင်လာ မလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲ” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုပါတယ်။
မြန်မာ့စီးပွားရေး ဘယ်အချိန်မှာ ဦးမော့လာမလဲဆိုတာကို လုပ်ငန်းရှင်တွေ ဆွေးနွေးရာမှာ အစိုးရက မူဝါဒမှန်မယ်ဆိုရင် အစောဆုံးအခြေအနေက ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုး ထွန်းက Facebook မှာ ဖော်ပြထားပါတယ်။
“အဓိက, ကတော့ ဘဏ်လုပ်ငန်းကို ဆွေးနွေးသွားတော့ ဘဏ်ကိုပဲ ဦးစားပေးမလားပေါ့။ နောက်ပြီးတော့ တခြားကဏ္ဍရောပေါ့။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေ ဒီလိုပဲ ဆွေးနွေးပြီး ချပြရင်ပိုပြီး ထိရောက်မယ်လို့ မြင်တယ်” လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
စီးပွားရေးပိတ်ဆို့မှု လွတ်မြောက်လာ ပြီးတဲ့နောက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အပြင် လွတ်လပ်စွာကုန်သွယ်မှု လုပ်နိုင်လာ ပြီဆိုတာနဲ့ တစ်နိုင်ငံလုံးအတွက် အကျိုးရှိသွားမယ်လို့ ထူးလုပ်ငန်းစုက မန်နေးဂျင်း ဒါရိုက်တာ ဦးပြည့်ဖြိုးတေဇက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လုပ်ငန်းရှင်တွေကူညီဖို့ တောင်းဆိုနေချိန်မှာ ဆန်ရှင်က လက်ရှိလွတ်လာတဲ့ ဇေကမ္ဘာဦးခင်ရွှေကတော့ အမေရိကန်နိုင်ငံက ဆန်ရှင်ဖွင့် ပေးပြီးတဲ့နောက်မှာ ခရိုနီချင်း ပြိုင်နိုင်ပြီလို့ ဝံကြွားပါတယ်။
“မကြာခင်မှာ နိုင်ငံခြားငွေတွေ ဝင်လာတော့မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာနဲ့အမျှ မြန်မာငွေခိုင်မာလာမယ်။Supply နဲ့ Demand မျှလာတာနဲ့အမျှ မြန်မာငွေခိုင်မာ လာမယ်။Supply နဲ့Demand ကို ဘယ်သူမှ စိန်ခေါ်လို့ မရဘူး။ အစိုးရလည်း ဟန့်တားလို့ မရဘူး။ အဲဒီနောက်ကို လိုက်ကြည့်ရမယ်။ မကြာခင်အဲဒါတွေ ငြိမ်သွားလိမ့်မယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်လာတာ သိပ်ကောင်းတယ်။ နိုင်ငံတကာမှာလဲ ဥပဒေ တစ်ခုတည်းထားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ခြွင်းချက်က ဘဏ်စနစ် အောက်တယ်။ ငွေ ချေးလို့ မရဘူး။ ဟိုမှာက Project Loan ချေး လို့ရတယ်။ ဒီမှာက ကိုယ်ပိုင်တာလေးသွားပေါင်မှ တန်ဖိုးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ လောက်ပဲရတယ်။ အဲဒါအောက်တယ်။ နောက်ပြီးတော့ အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ပြည်ပမှာ ၉ ရာခိုင်နှုန်း၊ အဲဒီလိုလူတွေနဲ့ မြန်မာပြည်က လူတွေ ယှဉ်တိုက်မယ်ဆိုရင် ကြိုး ဝိုင်းထဲမှာ ဆင်နဲ့ဆိတ်တိုက်ခိုင်းသလိုပဲ။ အဲဒါတော့ သတိထားရမယ်။ ကိုယ့်လူတွေက ဆင် မဖြစ်သေးဘူး။ ဆိတ်ပဲရှိသေးတယ်။ ဟို တုန်းကတော့ အဲဒီကွာခြားချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုဥပဒေကို မြန်မာနိုင်ငံသားအတွက် တစ်ခု၊ နိုင်ငံခြားသားအတွက် တစ်ခု ထားခဲ့တာ။ ရင်းနှီးမြှုပ်နှံမှုဥပဒေ တစ်ခုတည်းပေါင်း ရင် အဲဒါသတိပြုရမယ်။ ဘဏ်စနစ်ကြီးက စီးပွားရေးရဲ့ အသက်သွေးကြော၊ အဲဒါတွေက မမှန်ဘူး။ အခွန်အခတွေက စနစ်မကောင်း သေးဘူး။ စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့မှုကို ပြောရရင် မြန်မာကို စေတနာအရှိဆုံးက ဂျပန်ပဲ Loan တွေကလည်း အများကြီးပဲ။ လျှော်လိုက်တာတွေလည်း အများကြီးပဲ။ အမေရိကန်ကအခုထိ ပါးစပ်နဲ့ပဲ ချစ်နေသေးတာ။ သူတို့ဆီက Sanction တစ်ခါလုပ်တယ်။ ပြီးတော့Section တစ်ခါထုတ်တယ်။ သူတို့ ဆီက စာရွက်တစ်ရွက်ထုတ်တာလည်း အင်မတန် တန်ဖိုးရှိတယ်။ သူတို့က ပိတ်ထားတဲ့ အခါကျတော့ တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အခုမှပေါ်တယ်။ နောက်ဆို အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေလာမယ်။ အဲဒီအခါမှာ သူနဲ့တန်းတူ လုပ်နိုင်တဲ့သူ ရှိဖို့လိုတယ်။ အဲဒီ Level အခုမှထွက်တယ်” လို့ ဆိုပါတယ်။
လုပ်ငန်းရှင်တွေဆီက အကူအညီ တောင်းတာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေက ဒေါ်အောင်ဆန်းစုကြည် အကူအညီ တောင်းသလို မှန်မှန်ကန်ကန်လုပ်ကိုင်ပြီး ကူညီပါ့မလားဆိုတာနဲ့ပတ်သက်ရင် စိုးရိမ်စရာပါလို့ ဦးမင်းခင်က ဆိုပါတယ်။
“အဲဒါက စိုးရိမ်ရတယ်။ စီးပွားရေးသမားက သူ့စီးပွားရေး အကျိုးအမြတ်ရရေး၊ အမြတ်အများကြီးရရေးလုပ်မှာပဲ။ ဒါလည်း သူမမှားဘူး။ စီးပွားရေးသမားရဲ့ အဓိကလုပ်မှာက အမြတ်အများဆုံးရရေးပဲ။ ဒါကမေးခွန်း မဟုတ်ဘူး။ မေးခွန်းက အမြတ်ကို ဘယ်လို ရနေလဲဆိုတဲ့ မေးခွန်း။ ဒီလူတွေကသူတို့ အကျိုးအမြတ်ရရေး မတရားတဲ့ အခွင့်အရေးကိုလိုက်၊ စီးပွားရေးလောကမှာ အဲဒီလိုလုပ်လာတဲ့သူတွေဆီက သိပ်အများကြီး မျှော်လင့်လို့မရဘူး။ ကောင်းတာတွေလည်း ရှိကောင်းရှိမယ်။ သူတို့လှူတယ်၊ တန်းတယ်ဆိုတာတွေရှိတယ်။ အခုခေတ်စားနေတဲ့ CSR တွေလုပ်တာ ရှိမယ်။ ဒါပေမဲ့ အဲဒါတွေက အတိုင်းအတာတစ်ခုတည်းမှာပဲ ရှိမယ်။ အဲဒီတော့ သူလုပ်နိုင်တာ၊ လုပ်လို့ရတာ လုပ်မှာပဲ။ အဲဒါတွေ လမ်းကြောင်းပြောင်းဖို့ ဆိုတာက တစ်ဖက်မှာလည်း တိုက်တွန်းရမယ်။ တစ်ဖက်ကလည်း ဆွဲဆောင်ရမယ်။ အခွင့်အရေးပေးဖို့ လိုသလို အခွင့်အရေးလည်း ပေးချင်တာပေါ့။ အဲဒီလိုတန်းပြီး အခွင့်အရေးပေးလို့ လုပ်ချင်တာလုပ်ဆိုတာမျိုးက တိုင်းပြည်တစ်ပြည်မှာ ဖြစ်လို့မရဘူး။ လုပ်တာမလုပ်တာလာရမယ်။ လာဘ်ပေးသူရော လာဘ်ယူသူရော၊ ပေးတဲ့သူက သာမန်လူထုပေးတဲ့ ငါးထောင်၊ တစသောင်းပေးတာမျိုးမဟုတ်ဘဲ မသမာတဲ့ဟာ မျိုးတွေ။ အဲဒီဟာတွေကိုတော့ စနစ်ကိုလည်း ပြောင်းရမယ်။ လူပြောင်းတာလည်း ပြောင်းရမယ်။ ဥပဒေစည်းကမ်းတွေလည်း တကယ်စိုးမိုးအောင် ထိထိရောက်ရောက် လုပ်ရမယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စီးပွားရေး ကော်မတီဝင်လည်းဖြစ်တဲ့ ဦးမင်းခင်က ဆက်လက်သုံးသပ်ပါတယ်။
ခရိုနီတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကူအညီတောင်းတဲ့အတိုင်း မှန်မှန်ကန်ကန်လုပ်လာပြီး တိုင်းပြည်အတွက် ကူညီပါ့မလားဆိုတဲ့ မေးခွန်းအပေါ်မှာ NLD ရဲ့ စီးပွားရေးမူဝါဒရေးဆွဲရာမှာ ပါဝင်ခဲ့သူ စီးပွားရေးပညာရှင်ကတော့ ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို မေးမှသာ သိရမယ်လို့ ဆိုပါတယ်။
ခရိုနီတွေရဲ့ အတိတ်ကို လှည့်မကြည့်တော့ဘဲ အနာဂတ်မျှော်မူဝါဒနဲ့ ဆက်သွားမယ်ဆိုပြီး သဘောထားကြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လုပ်ငန်းရှင်ကြီးတွေ ကိုယ်ကျိုးအတွက် ဆက်လုပ်နေမယ်ဆို အားလုံးက စောင့်ကြည့်နေမယ်လို့ သတိပေးခဲ့ပြီးပါပြီ။ ခရိုနီတွေကသာ အကျင့်ဟောင်းမပြင်ဘဲ လာဘ်ပေးလာဘ်ယူနဲ့ အထူးအခွင့်အရေးတွေ ဆက်ယူနေမယ်ဆိုရင် တိုင်းပြည်အတွက် နစ်နာမှာဖြစ်သလို အစိုးရအနေနဲ့လည်း အရေးမယူလို့ မရတော့တဲ့အခြေအနေတစ်ရပ်ကို ဆိုက်ရောက်လာပါလိမ့်မယ်။ ဒါ့အပြင် အမေရိကန်ဆန်ရှင်ကလည်း တစ်ဦးချင်း အပေါ်မှာ အလွယ်တကူဆက်လက်ပိတ်ဆို့ နိုင်တာကို သတိပြုဖို့ လိုမယ်လို့ နိုင်ငံရေးသိပ္ပံ ပညာရှင်ဒေါက်တာမင်းညိုက သုံးသပ်ပါတယ်။
“ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ တစ်ပြေးညီယှဉ်ပြိုင်ရတော့မယ်။ အထူးအခွင့်အရေးတွေ မရတော့တဲ့အချိန်မျိုးမှာ သူတို့က ဒီစည်းဝိုင်းထဲကို မဝင်လို့ကို မရတော့ဘူး။ ဝင်ရတော့မှာပဲ။ Rules of Game က ပြောင်းသွားပြီ။ ဒီလိုပြောင်းသွားပြီဖြစ်တဲ့အတွက် ဒီဂိမ်းကိုဆော့ရင် ဒီ Rules ကိုလိုက်ကိုလိုက် နာရလိမ့်မယ်။ ပူးပေါင်းပါ့မလားမေးမယ်ဆိုရင် မပူးပေါင်းဘဲ ဘယ်လိုနေမလဲဆိုတာကို သူ့ဘာသာ ပြန်မေးရလိမ့်မယ်။ မပူးပေါင်းဘဲ သူဆက်လုပ်လို့မှ မရတော့တာကိုး။ စီးပွားရေးဂိမ်းသဘာဝကိုက ပြောင်းပြီကိုး။ ဒါပေမဲ့ တကယ်ပူးပေါင်းမှာလား မပူးပေါင်းမှာလား ဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ” လို့ NLD ရဲ့ စီးပွားရေး မူဝါဒ ရေးဆွဲရာမှာ ပါဝင်ခဲ့သူ စီးပွားရေး ပညာရှင်က ဆက်လက်ပြောပါတယ်။
ခရိုနီအမှီပြုပြီး ခြောက်လအတွင်း နှစ်ဆ၊ သုံးဆ အရှိန်တက်မယ်ဆိုတဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းရှင်ကြီးတွေ တကယ်ပါဝင်ကူညီတော့မှာလား










