မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူး ရွန်နီကို ရောင်းချမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
မော်ရင်ဟိုက “ရွန်နီက ကျွန်တော်တို့အတွက် အရေးပါနေဆဲဖြစ်တဲ့ ထိပ်တန်းကစားသမားတစ်ဦးပါပဲ။ သူ ဘယ်ကိုမှ သွားမှာမဟုတ်ပါဘူး။ အရံခုံမှာ ထိုင်နေရလို့ သူစိတ်ပျက်နေပါတယ်။ ပြီးတော့ ဒဏ်ရာပြသနာကလည်း သူ့ကို မပျော်ရွှင်စေပါဘူး” ဟု ပြောကြားခဲ့သည်။
ရွန်နီသည် စက်တင်ဘာလ ၁၈ ရက်က ကစားခဲ့သည့် ဝက်ဖို့ဒ်အသင်းနှင့်ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့် မရရှိခဲ့ဘဲ
မန်ယူအသင်း၏ နောက်ဆုံး၂ ပွဲကိုလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့သည်။
လက်ရှိဘောလုံးရာသီတွင် ရွန်နီသည် ၁ ဂိုးသာ သွင်းယူနိုင်သေးပြီး ပါဝင်ကစားခဲ့သည့် နောက်ဆုံး ၁၀ ပွဲ၌ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ရွန်နီသည် မန်ယူအသင်း၏ ဂိုးသွင်း အများဆုံး ကစားသမား ဘော်ဘီချာလ်တန်၏ ၂၄၉ ဂိုးကို လိုက်မီရန် ၄ ဂိုးသာ လိုတော့သည်။