ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြားခြင်းကြောင့် နာမည်ကြီးနေသော ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြားခြင်းကြောင့် နာမည်ကြီးနေသော ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 9 October 2016
သက်ထိန်ဝင်း (ပခုက္ကူ )

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာပြည်မှ ဖေ့စ်ဘွတ်လူမှုကွန်ရက် အင်တာနက် သုံးစွဲသူတွေကြားမှာ ဗေဒါလမ်းကဗျာ၊ ဗြောသံကဗျာ၊ ဘယ်မြို့ပုံသာပါလိမ့် (လွမ်းချင်း) ကဗျာ၊ မန်းတောင်ရိပ်ခို (လေးချိုး)၊ နေဝင်စ ချိုးမရယ်ကူ (ရုပ်သေးသီချင်း ) စသည်တို့ကို သီချင်းဟန်ဖြင့် သီဆိုပြီး ကျောင်းသား ကလေးငယ်များကို စာသင်ကြားနေတဲ့ ဆရာမတစ်ယောက်ရဲ့ ရုပ်သံဖိုင်ဟာ နာမည်ကြီးခဲ့ပါတယ်။ ကျောင်းသား ကလေးငယ်များအား ကဗျာများ သင်ကြားရာတွင် ပုံမှန်သင်ကြားပုံ မဟုတ်ဘဲ ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြား ခဲ့ခြင်းကြောင့် ယနေ့လူမှုကွန်ရက် စာမျက်နှာ သုံးစွဲသူများ၏ အားပေးမှု၊ ချီးကျူးမှု ရရှိထားသည့် ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်းခွဲတွင် မြန်မာစာဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်းအား ဖော်ပြအပ်ပါသည်။
မေး - ဆရာမ ဘယ်အချိန်ကနေ ဝန်ထမ်းအလုပ်ဝင်ခဲ့ တယ်ဆိုတာ သိပါရစေ။
ဖြေ - ဆရာမ စလုပ်တာတော့ ၂၀၀၃ ခုနှစ်ကပါ။ စအလုပ် ဝင်ဝင်ချင်းကတော့ ဆွဲခန့်အနေနဲ့ပါ။ ၂၀၀၄ ခုနှစ်မှ အစိုးရဝန်ထမ်း (ပါမစ်) ဖြစ်ပါတယ်။
မေး - ဆရာမ ခုလို မြန်မာကဗျာတွေကို သီချင်းဆိုပြီး ဘယ်အချိန်က စတင်သင်ကြား ခဲ့တယ်ဆိုတာ ပြောပြပါ။
ဖြေ - ဆရာမ စဖြစ်ဖြစ်ချင်းက မူလတန်းမှာပဲ သင်ရတယ်။ မူလတန်းတွေ သင်တုန်းကတော့ မြန်မာစာ မသင်ခဲ့ရဘူး။ ၂၀၁၀ ပြည့်နှစ်ကမှ အလယ်တန်းနည်းပြဖြစ်ပြီး မြန်မာစာ စသင်ရတယ်။ အဲဒီမှာပဲ ကဗျာတွေကို သီချင်းလိုဆိုပြီး သင်ပေးတာပါ။ သီချင်းပုံစံမျိုးဆိုပြီး သင်ဖြစ်တာ သိပ်မကြာသေးပါဘူး။
မေး - ဆရာမအနေနဲ့ ကဗျာတွေကို သီချင်းပုံစံမျိုးဆိုပြီး သင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့လဲ။ ဒီလိုသင်ကြားနိုင်အောင် ဘယ်လိုလေ့လာခဲ့လဲဆိုတာ သိချင်ပါတယ်။
ဖြေ - ကဗျာတွေကို အရင်က စာသင်သလိုမျိုး မသင်ဘဲနဲ့ သီချင်းဆိုပြီးသင်ရင် ကလေးတွေ ပိုစိတ်ဝင်စားမယ်ဆိုပြီး အတွေးဝင်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်က ဝါသနာပါတာလည်း ပါ ပါတယ်။ ပညာရေးကောလိပ် သင်တန်းတုန်းကလည်း တချို့ကဗျာတွေကို သီချင်းအနေနဲ့ သင်ခဲ့ရပါတယ်။ အဲဒါတွေကို ပြန်လေ့ကျင့်တယ်။ နောက်ပြီး သီချင်းခွေတွေ နားထောင်တယ်။ ပြန်ဆိုကြည့်တယ်။ သီချင်းတွေ နားထောင်လိုက် ပြန်ဆိုလိုက်နဲ့ လေ့ကျင့်ခဲ့တာပါ။ သင်တဲ့အခါမှာလည်း ဆရာမက ဆိုလိုက် သူတို့ကို လိုက်ဆိုခိုင်းလိုက် သင်ပါတယ်။
မေး - ကျောင်းသားတွေကို ကဗျာသင်တဲ့အခါ သီချင်းပုံစံ နဲ့ ဆရာမ သင်ကြားတော့ ကလေးတွေက စိတ်ဝင်စားမှု ရှိရဲ့လား။ အဲဒီအခြေအနေကို ပြောပြပေးပါ။
ဖြေ - ကျောင်းသား ကျောင်းသူတွေ အားလုံးက သဘောကျကြတယ်။ ဆရာမ အနေနဲ့လည်း ကလေးတွေကို ပြန်မေးပါတယ်။ ခုလို သီချင်းဆိုပြီး သင်တာနဲ့ အရင်ကလို စာလိုက်ဆိုခိုင်းပြီး သင်တာနဲ့ ဘယ်ဟာက ပိုမှတ်မိလဲ မေးပါတယ်။ သူတို့က သီချင်းဆိုပြီး သင်တာက ပျော်လည်း ပျော်တယ်။ ပိုပြီးလည်း မှတ်မိတယ်။ ပိုလည်း သဘောကျတယ်။ သူတို့လည်း ရလွယ်တယ်လို့ ဖြေပါတယ်။ အိမ်ပြန်ရင်လည်း အဲဒီကဗျာတွေကိုဆိုပြီး ပြန်ကြတယ်။ ကျောင်းလာရင်လည်း ကဗျာတွေကိုဆိုပြီး လာကြတယ်။ ပထမတစ်ရက်မှာ ကဗျာသင်တယ်။ နောက်ရက် မဟော်သဓာ သင်ရမယ့်အချိန် ရောက်ရင်တောင် ကလေးတွေက ဒီနေ့ ကဗျာသင်ပါ ဆရာမလို့ ပြောကြတယ်။ ကလေးတွေက ကဗျာကို သီချင်းလိုဆိုပြီး သင်တာကို ပိုသဘောကျတယ်။
မေး - ဆရာမ လက်ရှိဘယ်အတန်းတွေ သင်ကြားပေးနေရလဲဆိုတာ ပြောပြပါဦး။
ဖြေ - ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ သင်ပေးနေရပါတယ်။ အတန်းအားလုံးကို မြန်မာစာပဲ သင်တာပါ။ ကဗျာတိုင်းကိုတော့ သီချင်းဆိုပြီး မသင်နိုင်သေးပါဘူး။ လေ့လာပြီးသမျှ လေ့ကျင့်ပြီးသမျှကိုပဲ သင်ပေးနိုင်ပါသေးတယ်။ ထပ်ပြီး ကြိုးစားလေ့လာ နေတုန်းပါပဲ။
မေး - ယခုအောက်တိုဘာ ၅ ရက် ပေါက်မြို့မှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဦးအောင်မိုးညိုတို့ တွေ့ဆုံပွဲမှာ ဆရာမကို ဆုချီးမြှင့်တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေးရော ပြောပြပေးပါတယ်။
ဖြေ - ဝန်ကြီးချုပ်က ဆုချီးမြှင့်တာ မှန်ပါတယ်။ အခုလို ကလေးတွေကို ကဗျာတွေကို သီချင်းပုံစံ သင်ပေးလို့ ဆုချီးမြှင့်တာပါ။ ဆုယူရတော့ အသိအမှတ်ပြုတဲ့အတွက် ဝမ်းလည်းသာပါတယ်။ ကြောက်လည်း ကြောက်တယ် (ရယ်လျက်)။ ဂုဏ်ပြုဆုပေးတာပါ။
မေး - ဆရာမကို ထူးချွန်ဆရာဆု ချီးမြှင့်မယ်လို့ ကြားနေရပါတယ်။ ဆရာမများ သိပြီလားခင်ဗျ။
ဖြေ - ထူးချွန်ဆရာဆု ချီးမြှင့်မယ် ဆိုတာနဲ့ ပတ်သက်လို့ မသိသေးပါဘူး။ ဆရာမဆီကို အကြောင်းကြားတာ အသိပေးတာတော့ လတ်တလော မရှိသေးပါဘူး။
မေး - ကဗျာတွေကို သီချင်းပုံစံဆိုပြီး သင်တာနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသေးလဲ။ ဘာများ အကြံပြုချင်ပါသေးလဲခင်ဗျ။
ဖြေ - တခြားဆရာမတွေလည်း သူတို့ ကလေးတွေကို ကဗျာတွေကို ဒီလိုမျိုး သီချင်းဆိုပြီး သင်ရင် မှတ်မိတယ်လို့။ ကလေးတွေလည်း ပိုပြီးစိတ်ဝင်စားတယ်လို့ ပြောချင်ပါတယ်။
 

Most Read

Most Recent