နိုဝင်ဘာတွင် စတင်တာဝန်ထမ်းဆောင်မည့် လက်ထောက် ဆရာဝန်များကို အထူးကု ဆရာဝန်ကြီးများရှိသော သင်ကြားရေး ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်အဆင့် ဆေးရုံကြီးများ၌ တစ်နှစ်ခွဲမှ နှစ်နှစ်အထိ တာဝန်ချထားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန ်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာသန်းဝင်း၏ ‘ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လက်ထောက်ဆရာဝန်များကို စတင်ခန့်ထားသည့်အခါ အထူးကု ဆရာဝန်ကြီးများရှိသော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် သင်ကြားရေး ဆေးရုံကြီးများတွင် နေရာချထား ပေးနိုင်ခြင်း ရှိ မရှိ’ မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ယင်းအချက်ကိုထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခန့်ထားရာတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ ဘာသာရပ်ဆိုင်ရာ အထူးကုဆေး ရုံကြီးများတွင် တာဝန်ချထား ခံရသည့်အခါ ဆေးကုသပညာ၊ ခွဲစိတ်ကုသမှုပညာ၊ သားဖွားနှင့် မီးယပ်ပညာ၊ ကလေးဆေးကုသပညာ စသည့် အဓိက ဆေးပညာ ဘာသာရပ်များကို စုံလင်စွာ တာဝန်ထမ်းဆောင် လေ့လာသင်ယူခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများက ဆေးရုံအချင်းချင်း အလှည့်ကျ စနစ်ဖြင့် လဲလှယ်တာဝန် ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဘဏ္ဍာငွေခွင့်ပြုချက်အရ လည်းကောင်း၊ ဝန်ကြီးဌာန၏ ဆရာဝန်လစ်လပ်မှုအရ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များကို တိုးချဲ့ခန့်အပ်ခဲ့ကြောင်း၊ လက်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးခဲ့သော လက်ထောက်ဆရာဝန် ၁၇၆၈ ဦးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၈၄ ဦး စုစုပေါင်း ၁၈၅၂ ဦးကို တာဝန်များအသီးသီး ထမ်းဆောင်နိုင်ရန် သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။
သစ်လွင်ဆရာဝန်များကို ပြည်သူ့ကျန်းမာရေး၊ ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ဆေးဘက်နှီးနွှယ် တက္ကသိုလ်နှင့် သင်တန်းကျောင်းများ၌ တိုက်ရိုက်တာဝန် ချထားပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်သော အချိန်တို သင်တန်းများကိုလည်း ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလုပ်သင် ဆရာဝန်များကို တစ်နှစ်ထက် ပိုမိုတာဝန် ထမ်းဆောင်စေပါက အခြေခံဆေးပညာ လေးဘာသာအပြင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ၊ အရေးပေါ် ကျန်းမာရေးနှင့် အထူးကြပ်မတ် ကုသရေး၊ စိတ်ကျန်းမာရေး စသည့်များစွာသော ဘာသာရပ်များ၏ အခြေခံကုသပုံ၊ ကုသနည်း စနစ်များကို ပိုမိုကျွမ်းကျင်စေခြင်းဖြင့် အလုပ်သင်ဆရာဝန်များ တာဝန်ပြီးဆုံးပါက မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် တိုက်ရိုက်တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
မကြာမီ တာဝန်စတင် ထမ်းဆောင်မည့် လက်ထောက်ဆရာဝန်များအား အထူးကု ဆရာဝန်ကြီးများရှိသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အဆင့် ဆေးရုံကြီးများ၌ တစ်နှစ်ခွဲမှ နှစ်နှစ်အထိ တာဝန်ချထားမည်









