ဘင်္ဂလားဒေ့ရှ် ထုပ်ပိုးမှု စက်ရုံ မီးလောင်မှုအတွင်း လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် ထုပ်ပိုးမှု စက်ရုံ မီးလောင်မှုအတွင်း လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံး
Published 10 September 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်ထုပ်ပိုးမှု စက်ရုံတစ်ရုံတွင် ဘွိုင်လာအိုး ပေါက်ကွဲရာမှ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး လူ ၇၀ ဝန်းကျင် ဒဏ်ရာရခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရသူများအနက် အများအပြားမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။
“သေဆုံးသူဦးရေ ၂၂ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာတဲ့သူ ၇၀ ထက်မနည်း ရှိပါတယ်။ ဒဏ်ရာရတဲ့သူ အများစုဟာ မီးလောင်ခံရသူများဖြစ်ပြီး ဒဏ်ရာပြင်းထန်သူတွေကို ဒါကာမှာရှိတဲ့ ဆေးရုံတွေကို ပို့ထားပါတယ်” ဟု တွန်ဂျီပြည်နယ် ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သည့် ပါဗက်ဇ်မီယာက ပြောကြားခဲ့သည်။ မြို့တော်ဒါကာမြောက်ပိုင်း၊ တွန်ဂျီပြည်နယ် စက်မှုဇုန်ထဲရှိ လေးထပ်မြင့်သော အဆိုပါ စက်ရုံထဲတွင် အလုပ်သမား ၁၀၀ ဝန်းကျင်ခန့် အလုပ်လုပ်နေစဉ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မီးများ ဆက်လက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“အခုအချိန်အထိ လောင်နေတဲ့ မီးကို မထိန်းချုပ်နိုင်သေးပါဘူး” ဟု ရဲထောက်လှမ်းရေး စီရာဂျူအစ္စလာမ်ကဆိုပြီး စက်ရုံထဲတွင် ပိတ်မိနေဆဲဖြစ်သည့် အလုပ်သမား အများအပြား ရှိမည်ကို စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။ စက်ရုံ၏ မြေညီထပ်တွင် ဓာတုပစ္စည်းများ သိုလှောင်ထားဖွယ်ရှိပြီး ယင်းကြောင့် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် စတင်လောင်ကျွမ်းခဲ့သည့်မီးမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခြင်း ဖြစ်လိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ် စက်မှုလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့မှ တာမီဒူအစ္စလာမမ်က ပြောကြားခဲ့သည်။ Tampaco Foils Limited စက်ရုံသည် အာလူးကြော် အစရှိသည့် စားသုံးကုန်များ၊ ခြင်ဆေးခွေ အစရှိသည့် အိမ်သုံးပစ္စည်းငယ်များအတွက် ပလတ်စတစ်ပါကင်များကို ထုတ်လုပ်ခြင်း၊ တံဆိပ်ရိုက်နှိပ်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။
ကမ္ဘာပေါ်တွင် တရုတ်ပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်ကာ ဒေါ်လာ ၂၇ ဘီလျံ တန်ဖိုးရှိသည့် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းသည် မီးလောင်မှုများ၊ အခြားသော မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြို့တော် ဒါကာ အပြင်ဘက်ရှိ ကိုးထပ်မြင့်သော အထည်ချုပ် စက်ရုံ တစ်ရုံတွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၁၁ ဦး သေဆုံးခဲ့ရသည်။ ယင်းမတိုင်မီ ခြောက်လကလည်း အခြားအထည်ချုပ်စက်ရုံ ပြိုကျမှုကြောင့် အလုပ်သမား ၃၀၀၀ ကျော် ပိတ်မိခဲ့ကာ သေဆုံးသူ ၁၁၃၈ ဦး ရှိခဲ့သည်။
Ref: AFP

Most Read

Most Recent