ဆမ်ဆောင်း၏ Note 7 ဖုန်းများကို လေယာဉ်ပေါ်တွင် အသုံးမပြုရန် အမေရိကန်နှင့် ဂျပန်တို့က သတိပေး

ဆမ်ဆောင်း၏ Note 7 ဖုန်းများကို လေယာဉ်ပေါ်တွင် အသုံးမပြုရန် အမေရိကန်နှင့် ဂျပန်တို့က သတိပေး
Published 9 September 2016
Ref: AFP

ဆမ်ဆောင်း၏ Galaxy Note 7 ဖုန်းများတွင် မီးလောင်ပေါက်ကွဲနိုင်သော ဘက်ထရီပြဿနာများကြောင့် လေယာဉ်ခရီးစဉ်များအတွင်း ယင်းဖုန်းများကို အသုံးမပြုရန်နှင့် ခရီးဆောင်အိတ်များတွင် ထည့်သွင်း သယ်ဆောင်ခြင်း မပြုကြရန် အမေရိကန် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ (FAA) က စက်တင်ဘာ ၉ ရက်တွင် ခရီးသည်များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ဆမ်ဆောင်းက ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ မဆောင်ရွက်မီ ဂျပန်လေကြောင်းလိုင်းများအနေဖြင့် လေယာဉ်များပေါ်သို့ Note 7 ဖုန်းများ  ယူဆောင်လာခြင်း၊ အသုံးပြုခြင်းတို့အား သတိဖြင့် ဆောင်ရွက်ကြရန် ဂျပန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ ဆမ်ဆောင်းသည် Note 7 ဖုန်းများကို ရောင်းချမှုအား ပြီးခဲ့သည့်တစ်ပတ်တွင် ရပ်ဆိုင်းခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ဖုန်း ၂ ဒသမ ၅ သန်းကို ပြန်လည်သိမ်းယူနေသည်။ လေကြောင်းခရီးစဉ်များတွင် ဆမ်ဆောင်း၏ Note 7 ဖုန်းများအသုံးပြုမှုကို တားမြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ကြေညာထားသည်။သြစတြေးလျလေကြောင်းလိုင်း သုံးခုကလည်း Note 7 ဖုန်းများကို တားမြစ်ကြောင်း စက်တင်ဘာ ၈ ရက် ကြေညာခဲ့သည်။ဆမ်ဆောင်း၏ Note 7 ဖုန်းများ အားသွင်းခြင်းနှင့် သုံးစွဲခြင်းကို ခရီးစဉ်များအတွင်း တားမြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်း၏ ထုတ်ပြန်ကြေညာချက်က ဆိုသည်။  သြစတြေးလျက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ခရီးသည်များသည် Note 7 ဖုန်းများကို လေယာဉ်ပေါ်သို့ ယူဆောင်လာနိုင်သော်လည်း ခရီးစဉ်အတွင်း လေယာဉ်၌ တပ်ဆင်အသုံးပြုခြင်းကို တားမြစ်ခဲ့သည်။FAA ၏ ကြေညာချက်တွင် အမေရိကန် လေကြောင်းလိုင်းများအနေဖြင့် အရေးယူဆောင်ရွက်မှုပြုရန် ညွှန်ကြားခဲ့ခြင်းမဟုတ်ဘဲ အကြံပြုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) က လေကြောင်းလိုင်းများသည် ဘေးအန္တရာယ်ကင်းရှင်းရေး သုံးသပ်ချက်များ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အခြားဖုန်းများသည်လည်း ဘက်ထရီပြဿနာများကြောင့် ပြန်လည်ရုပ်သိမ်းမှုများ ရှိထားကြောင်း IATA က ပြောကြားခဲ့သည်။  Note 7 ဖုန်း ဘက်ထရီများတွင် မီးလောင်ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဆမ်ဆောင်းသည် Note 7 ဖုန်းများကို ပြန်လည်ရုပ်သိမ်းနေသည်။ ၂၀၀၇ ခုနှစ်တွင် ထိုစဉ်က ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သော နိုကီရာသည် ဘက်ထရီပြဿနာ ကြောင့် ဖုန်း ၄၆ သန်းကို ပြန်လည်အစားထိုးရန် ရုပ်သိမ်းပေးခဲ့ရပြီး လူသုံးကုန် လျှပ်စစ်ပစ္စည်းသမိုင်းတွင် အကြီးမားဆုံးသော ပြန်လည်သိမ်းဆည်းမှု ဖြစ်ခဲ့သည်။

Most Read

Most Recent