အိုင်ဗရီကို့စ်နှင့် ဘာကီနာဖာဆိုကို ဆက်သွယ်ထားသော တံတားပြိုကျမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

အိုင်ဗရီကို့စ်နှင့် ဘာကီနာဖာဆိုကို ဆက်သွယ်ထားသော တံတားပြိုကျမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း
Published 8 September 2016

အိုင်ဗရီကို့စ်နှင့် ဘာကီနာဖာဆို ဆက်သွယ်ထားသော တံတားပြိုကျမှုကြောင့် နှစ်နိုင်ငံကြား ရထားခရီးစဉ်များ နှစ်ပတ်ခန့် ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး လုပ်ငန်း Sitarail က ပြောကြားခဲ့သည်။ အန်ဇီမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော ၂၅၀ မီတာ အရှည်ရှိ ယင်းသံတံတားကို ၁၉၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည်။
အိုင်ဗရီကို့စ်မြို့တော် အာဘစ်ဂျန်မှ မြောက်ဘက် ၁၅၀ မိုင်အကွာတွင် ရှိသော ဒင်ဘိုကရိုမြို့အနီးရှိ ယင်းသံတံတားကို ကုန်တင်ရထား ဖြတ်သန်းစဉ် စက်တင်ဘာ ၆ ရက်က တံတားပြိုကျခဲ့ခြင်းဖြစ်သည်။
တံတားတွင် တစ်လမ်းသွား ရထားလမ်းသာ ပါဝင်သောကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားရကြောင်း Sitarail ၏ လုံခြုံရေးဆိုင်ရာ တာဝန်ခံ နိုရယ်အူအာဒီယိုက ပြောကြားခဲ့သည်။ ရထားလမ်းပြင်ဆင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်နေပြီး ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် နှစ်ပတ်ထက်မနည်း ကြာမြင့်မည်ဖြစ်ကြောင်း Sitarail ၏ ကြေညာချက်က ဆိုသည်။
နှစ်နိုင်ငံကြား အရေးကြီးသော သယ်ယူပို့ဆောင်ရေး ဆက်ကြောင်းဖြစ်သည့် တံတားပြိုကျမှုအတွက် ယာယီရထားလမ်း တည်ဆောက်ရေးအတွက်လည်း စူးစမ်းနေကြောင်း ကြေညာချက်က ဆိုသည်။ Sitarail သည် ပြင်သစ်စက်မှုလုပ်ငန်း Bollore ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အာဖရိက ရထားပို့ဆောင်ရေးကို ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
တံတားပြိုကျချိန်တွင် ဖြတ်သန်းခဲ့သော ကုန်တင်ရထားသည် အတွဲ ၂၀ ပါဝင်ပြီး ကုန်တန်ချိန် ၁၀၀၀ ကျော် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ တံတားပြိုကျမှုကို ဒေသခံများက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး ကုန်းကြောင်းသွားလာမှုအတွက် တစ်ခုတည်းသော ခရီးလမ်းဖြစ်သည့် ယင်းတံတားသည် ယိုယွင်းနေပြီး ပြင်ဆင်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
တံတားပြိုကျမှုကြောင့် ဒေသခံများသည် မြစ်ကို ဖြတ်ကူးရန်အတွက် လှေငယ်များကို အသုံးပြုနေကြရကြောင်း သိရသည်။ ပြိုကျခဲ့သော တံတားသည် ဘာကီနာဖာဆိုအတွက် အတ္တလန္တိတ်ကမ်းရိုးတန်းကို ချိတ်ဆက်ပေးပြီး အိုင်ဗရီကို့စ်၏ ပို့ကုန်များအတွက် ဈေးအသက်သာဆုံး ပို့ဆောင်ရေးလမ်းကြောင်း ဖြစ်သည်။
Ref: AFP

Most Read

Most Recent