မာသာထရီဇာကို သူတော်စင် စိန့်အဆင့်သို့ တိုးမြှင့်ပေး

မာသာထရီဇာကို သူတော်စင် စိန့်အဆင့်သို့ တိုးမြှင့်ပေး
စက်တင်ဘာ ၁ ရက်က ဝါရှင်တန်တွင် မာသာထရီဇာ၏ ရုပ်ပုံကို ၎င်း၏ Missionaries ပရဟိတအဖွဲ့မှ သီလရှင်များက ကြည့်နေကြစဉ် (Photo: AFP)
စက်တင်ဘာ ၁ ရက်က ဝါရှင်တန်တွင် မာသာထရီဇာ၏ ရုပ်ပုံကို ၎င်း၏ Missionaries ပရဟိတအဖွဲ့မှ သီလရှင်များက ကြည့်နေကြစဉ် (Photo: AFP)
Published 4 September 2016
Ref: AFP

ကိုးလ်ကတ္တားမြို့မှ ဆင်းရဲသားများအတွက် လုပ်ဆောင်ပေးခဲ့မှုကြောင့် ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုခြင်း ခံခဲ့ရသည့် ခရစ်ယာန်သီလရှင် မာသာထရီဇာကို စက်တင်ဘာ ၄ ရက်က သူတော်စင် အဆင့်သို့ တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။ဗာတီကန်ရှိ စိန့်ပီတာ အမိုးခုံးဘုရားကျောင်းကြီး၌ ပြုလုပ်သည့် မာသာထရီဇာကို သူတော်စင်အဆင့်သို့ တိုးမြှင့်ပေးသည့် အခမ်းအနားသို့ ဘုရားဖူး ၁၀၀၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ မာသာထရီဇာ ကွယ်လွန်ခဲ့သည့် ၁၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ မရောက်မီ တစ်ရက်အလိုတွင် ယခုအခမ်းအနားကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ မာသာထရီဇာ သူတော်စင်အဆင့်သို့ တိုးမြှင့်ခံရသည့်သတင်းကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ဂုဏ်ပြုခဲ့ပြီး ထိုအခမ်းအနားသို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့သည်။မာသာထရီဇာသည် ကိုးလ်ကတ္တားတွင် ကနဦးက စာသင်ပြခြင်းကို လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် သေခါနီး ဆင်းရဲသားများကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ထိုနောက်ပိုင်း အလုပ်ကြောင့်ပင်  မာသာထရီဇာသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အမျိုးသမီးတစ်ဦးဖြစ်လာခဲ့သည်။ ကိုဆိုဗိုဇာတိဖြစ်ပြီး မိဘများမှာ အယ်ဘေးနီးယားများဖြစ်သည့် မာသာထရီဇာသည် အိန္ဒိယနိုင်ငံသားအဖြစ် ခံယူခဲ့ပြီး ၁၉၇၉ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ မာသာထရီဇာသည် ခရစ်ယာန်ဘာသာ၏ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းနှင့် ပရဟိတစိတ်ဓာတ်ကို ဖော်ညွှန်းသော မီးပြတိုက်သဖွယ် ကမ္ဘာတစ်ဝန်း၏ ချစ်ခင်လေးစားခြင်းကိုလည်း ခံထားရသည်။  သို့သော် တစ်ချိန်တည်းမှာပင် မာသာထရီဇာသည် ဆင်းရဲသားများ၏ဘဝတိုးတက်အောင် လုပ်ဆောင်ပေးခြင်းထက် ဘုရားဟော တရားတော်များအပေါ်တွင်သာ ပိုမိုစိတ်ဝင်စားကာ သဘောထားတင်းမာသည့် ကက်သလစ်တစ်ဦးဖြစ်သည်ဟု စွပ်စွဲဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့သည်။ မာသာထရီဇာ ကွယ်လွန်ပြီးနောက်ပိုင်း ၎င်းသည် အာဏာရှင်များနှင့် ရောနှောပြီး သူတို့ထံမှ အလှူငွေများကို လက်ခံခဲ့မှုနှင့် လူနာများ လျစ်လျူရှုခံခဲ့ရမှုတို့ ရှိခဲ့သည်ဟူသော မျက်မြင်သက်သေများနှင့် ၎င်းမစ်ရှင်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ စကားများကို သုတေသီများက ဖော်ထုတ်ခဲ့ပြီးနောက်ပိုင်း မာသာထရီဇာနှင့် ပတ်သက်၍ ငြင်းခုံမှုများသည် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့သည်။မည်သို့ပင်ဖြစ်စေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မာသာထရီဇာကို ဂါရဝပြုကာ  သူတော်စင် ဖြစ်ထိုက်သည်ဟု ပြောကြားခဲ့သည်။ မာသာထရီဇာသည် Missionaries ပရဟိတအဖွဲ့ ကို ၁၉၅၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

Most Read

Most Recent