တောင်အာဖရိကတွင် လူသတ်မှုနှုန်း တစ်ရက်လျှင် ၅၁ ဦးအထိ မြင့်တက်

တောင်အာဖရိကတွင် လူသတ်မှုနှုန်း တစ်ရက်လျှင် ၅၁ ဦးအထိ မြင့်တက်
Published 4 September 2016
Ref: AFP

တောင်အာဖရိက၏လူသတ်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု စက်တင်ဘာ ၃ ရက်က ထုတ်ပြန်သည့် အစိုးရ ကိန်းဂဏန်းများအရ သိရသည်။ယခုနှစ် မတ်လအထိ ၁၂ လ အတွင်း တစ်နေ့လျှင် လူ ၅၁ ဦးခန့် အသတ်ခံခဲ့ရပြီး စုစုပေါင်း လူ ၁၈,၅၇၃ ဦး သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အသတ်ခံသူ ၁၇,၈၀၅ ဦးရှိကြောင်း သိရသည်။တောင်အဖရိကနိုင်ငံသည် အကြမ်းဖက် ယဉ်ကျေးမှု ပျံ့နှံ့မှုနှင့် ရုန်းကန်နေရသည်ဟု ရဲချုပ် Nathi Nhleko က သတင်းထောက်များကို ပြောကြားခဲ့သည်။ အဓိကအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုနှင့် အရက်သောက်သုံးမှုကြောင့် လူသတ်မှု သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။လူသတ်မှုအများစုသည် အဆောက်အအုံအတွင်း၊ မြို့တွင်းနယ်မြေများတွင် ဖြစ်ပွားပြီး တစ်ဦးနှင့်တစ်ဦး သိရှိသူများလည်း ပါဝင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် တောင်အာဖရိက၏ လူသတ်မှုနှုန်းသည် လေးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ကားခိုးယူမှုသည် တောင်အာဖရိကတွင် ဖြစ်ပွားမှုအများဆုံး ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ လုယက်မှုများသည် ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း လေ့လာသုံးသပ်သူများကမူ ယင်းသည် အမှန်တကယ်ဖြစ်ပွားသည့် ပြစ်မှုထက် လျှော့ချထားခြင်းဖြစ်သည်ဟု  သုံးသပ်ခဲ့သည်။လူဦးရေနည်းပါးသည့် Northern Cape ပြည်နယ်တွင် လူသတ်မှုနှုန်း စံချိန်တင်ကျဆင်းခဲ့သော်လည်း Eastern Cape ပြည်နယ်တွင်မူ လူသတ်မှုနှုန်းသည်  ၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့် တက်လာခဲ့သည်။တောင်အာဖရိကရဲတပ်ဖွဲ့ သည် ရာဇဝတ်မှုပမာဏကို ကျဆင်းအောင် လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ဝေဖန်ခံခဲ့ရသော်လည်း တာဝန်ရှိသူများက  ယင်းအရေအတွက်သည် ၁၉၉၄ ခုနှစ်တွင် လူဖြူလူမည်းခွဲခြားမှု အဆုံးမသတ်မီ ကာလနှင့်နှိုင်းယှဉ်ပါက နည်းပါးသည်ဟု ပြောကြားခဲ့သည်။ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း စံချိန်တင်မှုက တောင်အာဖရိကတွင် ရာဇဝတ်မှုများ ထူပြောစေသည့် အဓိကတွန်းအားများ ဖြစ်သည်ဟု ယူဆကြသည်။

Most Read

Most Recent