ဥဇဘက်ကစ္စတန် အာဏာရှင် ကာရီမော့ဗ် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်

ဥဇဘက်ကစ္စတန် အာဏာရှင် ကာရီမော့ဗ် အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်
Published 3 September 2016

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က လေသင်တုန်းဖြတ်ခဲ့ပြီး ကိုမာဖြစ်နေသည့် ဥဇဘက်ကစ္စတန်သမ္မတ အစ္စလာမ်ကာရီမော့ဗ်သည် ကွယ်လွန်သွားပြီဟု အစိုးရက စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ ကာရီမော့ဗ် သေဆုံးပြီဟု ပြီးခဲ့သည့် ရက်များကတည်းက ထင်ကြေးပေးမှုများ မြင့်တက်လာပြီးနောက် အစိုးရ၏ တရားဝင် ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အာဏာရှင် ကာရီမော့ဗ်ကို ၎င်း၏ ဇာတိဖြစ်သော နိုင်ငံအလယ်ပိုင်း ဆမားကန်မြို့တွင် စက်တင်ဘာ ၃ ရက်၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ပြီး ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်နေ့ကို သုံးရက် သတ်မှတ်ခဲ့သည်။ ဆိုဗီယက်နိုင်ငံဟောင်းဖြစ်သည့် ဥဇဘက်ကစ္စတန်တွင် သမ္မတနေရာအား ဆက်ခံမည့်သူ ရှင်းရှင်းလင်းလင်း မထွက်ပေါ်သေးမီ ကာရီမော့ဗ်မှာ သေဆုံးသွားခဲ့သဖြင့် နိုင်ငံထဲ၌ ကြီးမားသည့် မသေချာ မရေရာမှုများ ဖြစ်ပေါ်နေသည်။
ကာရီမော့ဗ်၏ ဈာပနသို့ ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်နှင့်အတူ ဆိုဗီယက် နိုင်ငံဟောင်းများမှ စိတ်တူကိုယ်တူ ခေါင်းဆောင်များဖြစ်ကြသော တာဂျစ်ကစ္စတန် သမ္မတ အီမိုမာလီရတ်မွန်၊ တာမင်နစ္စတန် သမ္မတ ဂါဘန်ဂူလီမာဒိုမူခမီဒို့ဗ်နှင့် ကာဇက်စတန်၊ ကာဂျစ္စတန်နှင့် ဘီလာရုနိုင်ငံတို့မှ ဝန်ကြီးချုပ်များ လာရောက်ကြမည်ဖြစ်သည်။
ကာရီမော့ဗ်၏ နေရာကို ဆက်ခံနိုင်သူများထဲမှ တစ်ဦးဖြစ်သည့် သစ္စာခံဝန်ကြီးချုပ် ရှာကတ်မီဇီယိုယိဗ်သည် သမ္မတ၏ ဈာပန အခမ်းအနားကို ဦးဆောင်ခဲ့သည်။ ဥဇဘက်ကစ္စတန်နိုင်ငံ၏ ဥပဒေအရ သမ္မတ၏နေရာကို အထက်လွှတ်တော် ဥက္ကဋ္ဌက နောက်ထပ်ရွေးကောက်ပွဲ မကျင်းပမီ အချိန်အထိ တာဝန်ယူရမည်ဖြစ်သည်။
အသက် ၇၈ နှစ်အရွယ် ကာရီမော့ဗ်သည် ၁၉၉၁ ခုနှစ်က ဥဇဘက်ကစ္စတန်ကို ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း အာဏာကို ဆက်လက်စွဲကိုင်ထားနိုင်သော လက်တစ်ဆုပ်စာ ဆိုဗီယက် အာဏာရှင်များထဲမှ တစ်ဦးဖြစ်သည်။ ကာရီမော့ဗ်က အိမ်နီးချင်း အာဖဂန်နစ္စတန်နှင့် နယ်စပ်တစ်လျှောက် အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့များကို နှိမ်နင်းခဲ့သည့် တံတိုင်းတစ်ခုသဖွယ် ကိုယ့်ကိုယ်ကိုယ် ဖော်ညွှန်းခဲ့ပြီး နိုင်ငံတွင်း၌ အယူသီးသော ဘာသာရေး အဖွဲ့အစည်းများကို အမြစ်ပြတ် ရှင်းလင်းခဲ့သည်။ ရာစုနှစ် လေးပုံတစ်ပုံခန့် ကြာမြင့်ခဲ့သော ၎င်း၏ အုပ်ချုပ်မှုအောက်တွင် သက်ဦးဆံပိုင် စနစ်ဖြင့် အတိုက်အခံများကို အညှာအတာ ကင်းမဲ့စွာ ချေမှုန်းခဲ့သည်။
ကာရီမော့ဗ်က ထိုကဲ့သို့ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သော်လည်း ဥဇဘက်ကစ္စတန်သည် အမေရိကန်၏ အကူအညီများ ရနေဆဲ ဖြစ်ပြီး ပြီးခဲ့သည့်နှစ် အတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့သည် ဥဇဘက်သို့ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ဥဇဘက်ကစ္စတန်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု လုံး၀ မရှိခဲ့ဟု နိုင်ငံတကာ စောင့်ကြည့်သူများက ပြောကြားခဲ့သည်။ ကာရီမော့ဗ်သည် ပြီးခဲ့သော မတ်လတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ထောက်ခံမဲ ရာခိုင်နှုန်း ၉၀ ရရှိခဲ့ပြီး ပဉ္စမမြောက် သက်တမ်းကို အနိုင်ရခဲ့သည်။
Ref: AFP

Most Read

Most Recent