လုပ်ခပြဿနာနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့အတွက် အိန္ဒိယတွင် သန်းနှင့်ချီလျက် ဆန္ဒပြ

လုပ်ခပြဿနာနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့အတွက် အိန္ဒိယတွင် သန်းနှင့်ချီလျက် ဆန္ဒပြ
စက်တင်ဘာ ၂ ရက်က ဟိုက်ဒရာဘတ်မြို့တွင် နိုင်ငံလုံးဆိုင်ရာ သပိတ်ကို ထောက်ခံသည့်စုဝေးမှု၌ ပါဝင်နေသည့် အိန္ဒိယ ကုန်သွယ်ရေး သမဂ္ဂ ကွန်ဂရက် အဖွဲ့ဝင်များ (Photo: AFP)
စက်တင်ဘာ ၂ ရက်က ဟိုက်ဒရာဘတ်မြို့တွင် နိုင်ငံလုံးဆိုင်ရာ သပိတ်ကို ထောက်ခံသည့်စုဝေးမှု၌ ပါဝင်နေသည့် အိန္ဒိယ ကုန်သွယ်ရေး သမဂ္ဂ ကွန်ဂရက် အဖွဲ့ဝင်များ (Photo: AFP)
Published 2 September 2016

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှ သန်းနှင့်ချီသော အလုပ်သမားများသည် စက်တင်ဘာ ၂ ရက်တွင် အိန္ဒိယနိုင်ငံ တစ်ဝန်း၌ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ၎င်းတို့သည် ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍကို ပိုမိုတိုးမြှင့်ရန် အစီအစဉ်များနှင့် ၎င်းတို့က မလုံလောက်ဟု ယူဆသော အနည်းဆုံး လုပ်ခ သတ်မှတ်ချက်တို့ကို ဆန့်ကျင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။
သူနာပြု၊ ဘဏ်လုပ်ငန်း၊ ထုတ်လုပ်ရေးနှင့် ကျောက်မီးသွေးမိုင်းတို့ အပါအဝင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများမှ အလုပ်သမားများ သာမက ဈေးရောင်းသူများနှင့် နေ့စား အလုပ်သမားများပါ ပါဝင်သည့် လူပေါင်း သန်း ၁၅၀ အထိသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၄ နာရီ သပိတ်မှောက်မှု၌ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း စည်းရုံး လှုပ်ရှားသူများက ပြောကြားခဲ့သည်။
ခေါင်းဆောင်များက ကျွမ်းကျင်အဆင့် မဟုတ်သည့် အလုပ်သမားများ၏ အနည်းဆုံး လစာကို ၆၃၉၆ ရူပီး (အမေရိကန်ဒေါ်လာ ၉၅) မှနေ၍ ရူပီး ၉၁၀၀ (အမေရိကန်ဒေါ်လာ ၁၃၆) သို့ တိုးပေးရန် ဘဏ္ဍာရေး ဝန်ကြီး အာရန်ဂျိုက်တလီ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သောကြောင့် ဆွေးနွေးမှု ပျက်ပြားသွားခဲ့ပြီးနောက် အဓိက အလုပ်သမားသမဂ္ဂ ၁၀ ခုက သပိတ်မှောက်ရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
“ဒီသပိတ်က ဗဟိုအစိုးရကို ဆန့်ကျင်တာပါ။ ဒီသပိတ်ဟာ အလုပ်သမားထုရဲ့ အကျိုးအတွက်ပါ” ဟု အိန္ဒိယအမျိုးသား ကုန်သွယ်ရေး သမဂ္ဂ ကွန်ဂရက်မှ ရာမန်ပန်ဒေးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ သပိတ်က ရာခိုင်နှုန်း ၁၀၀ အောင်မြင်မှာပါ။ ဒီသပိတ်ဟာ ကမ္ဘာပေါ်မှာ ဖြစ်ခဲ့သမျှ သပိတ်တွေထဲမှာ အကြီးဆုံးဖြစ်ကြောင်း ကျွန်တော်တို့ သက်သေပြပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အလုပ်သမားများသည် ထုတ်လုပ်မှု ကောင်းမွန်ခြင်း မရှိသည့် စက်ရုံများကို ပိတ်ပစ်ရန်၊ အချို့သော လုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် နိုင်ငံပိုင် ကုမ္ပဏီများရှိ အစုရှယ်ယာများကို ရောင်းချရန်တို့ ပါဝင်သည့် အစိုးရ၏ လျှော့ချရေး အစီအစဉ်များကိုလည်း ဆန္ဒပြကြခြင်း ဖြစ်သည်။ ၎င်းတို့က ပုဂ္ဂလိက ကဏ္ဍကို တိုးမြှင့်လာခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများကို ပျက်စီးစေလိမ့်မည်ဟု စိုးရိမ်ကြခြင်း ဖြစ်သည်။
အိန္ဒိယ ကုန်သွယ်ရေး သမဂ္ဂများ၏ ဗဟိုဌာနက အလုပ်သမားများသည် ၎င်းတို့၏ ဘဝ၊ နေထိုင်မှုနှင့် ဂုဏ်သိက္ခာတို့အား အစိုးရက ဘက်ပေါင်းစုံ ထိပါးလာခြင်းကို ရပ်တန်းက ရပ်ရန် တောင်းဆိုနေခြင်းဖြစ်ပြီး လူပေါင်း သန်း ၁၅၀ သည် သပိတ်၌ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent