အားလုံးပါဝင်ခွင့် မရရှိသည့်အတွက် ၂၁ ရာစုပင်လုံ - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တက်ရောက်မည့် အစီအစဉ် ဖျက်သိမ်း

အားလုံးပါဝင်ခွင့် မရရှိသည့်အတွက် ၂၁ ရာစုပင်လုံ - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တက်ရောက်မည့် အစီအစဉ် ဖျက်သိမ်း
Published 31 August 2016

အားလုံးပါဝင်ခွင့် မရရှိသည့်အတွက် နေပြည်တော်တွင် သြဂုတ် ၃၁ ရက်မှ စတင်၍ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံသို့ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တက်ရောက်မည့် အစီအစဉ်အား ဖျက်သိမ်းလိုက်သည်ဟု SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၏ ပြောကြားချက်အရ သိရသည်။ဦးခွန်ထွန်းဦးမှာ ၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်ခွင့် ရရှိမှ အောင်မြင်မည်ဆိုသော ပြောဆိုချက်ကို ညီလာခံ မပြုလုပ်မီ လပေါင်းများစွာကပင် ကြိုတင်ပြောဆိုထားခဲ့ကာ အဆိုပါမူကို ဆက်လက်ကိုင်စွဲထားပြီး သြဂုတ် ၃၁ ရက်တွင် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ၌ အားလုံးပါဝင်ခွင့်ရမည် မဟုတ်သောကြောင့် ယခုကဲ့သို့ တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဦးခွန်ထွန်းဦးနည်းတူ SNLD ပါတီမှ ပါတီထိပ်ပိုင်း ခေါင်းဆောင်များလည်း ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မည် မဟုတ်ဘဲ လူငယ်ပိုင်းပါတီဝင်များ တက်ရောက်ကြမည် ဖြစ်သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဦးခွန်ထွန်းဦး အနေဖြင့် UNFC ၏ တောင်းဆိုချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေး -၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်ရန် အဆိုပြုခံထားရကြောင်း၊ သို့သော် ၎င်းအနေဖြင့် All Inclusive မဖြစ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ခွင့် မရှိလျှင် ဆွေးနွေးရန်၊ လက်မှတ်ထိုးရန် မလုပ်နိုင်ကြောင်း၊ AA၊ MNDAA၊ TNLA၊ အစရှိသည့် အဖွဲ့အစည်းသုံးခု ကျန်ခဲ့သည့်အတွက် ညီလာခံကို တက်ရောက်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ရသည်ဟု သျှမ်းသံတော်ဆင့်က သြဂုတ် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။ရှမ်းတိုင်းရင်းသားများ အပါအဝင် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ လေးစားယုံကြည်မှု ရရှိထားပြီး တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဦးခွန်ထွန်းဦးသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ဒုတိယအများဆုံး ရရှိခဲ့သော SNLD ပါတီကို ဦးဆောင်နေသူ တစ်ဦး ဖြစ်ပါသည်။၂၀၀၅ ခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့သော ရှမ်းပြည်နယ်နေ့ ညစာစားပွဲကို အကြောင်းပြုပြီး SNLD ပါတီ ဦးဆောင်သူများဖြစ်သည့် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသည်ဆိုသော စွပ်စွဲချက်အပြင် အခြားအမှုများဖြင့် ရုံးတင်ခဲ့ပါသည်။ ထို့နောက် ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ ဦးစိုင်းညွန့်လွင်၊ ဦးမြင့်သန်း (သံတွဲထောင်အတွင်း ကွယ်လွန်) နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန်တို့ကို ထောင်ဒဏ် ၇၅ နှစ်မှ ထောင်ဒဏ် ၁၀၆ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ၎င်းတို့အားလုံး ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်ရန် ရှေ့တန်းမှပါဝင်၍ လက်ရှိအချိန်အထိ ကြိုးစားနေကြသူများ ဖြစ်ပါသည်။ဦးခွန်ထွန်းဦးသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ပထမဆုံး လုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။ ထိုအချိန် မတိုင်မီကလည်း အားလုံး ပါဝင်ခွင့် မရှိပါက တက်မည် မဟုတ်ကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း ၂၁ ရာစုပင်လုံတွင် အားလုံး ပါဝင်ခွင့် မရှိပါက အကျပ်အတည်း တွေ့နိုင်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကလည်း NLD ပါတီ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သော နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ပါက ထိုညီလာခံသည် ညောင်နှစ်ပင် အမျိုးသား ညီလာခံကဲ့သို့ပင် ဖြစ်သွားနိုင်ကြောင်း ကြိုတင် ပြောဆိုခဲ့ဖူးပါသည်။ထို့အတူ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့်သတ်ချက် မရှိသင့်ကြောင်း ပြောဆိုခဲ့ဖူးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်ဆင်နိုင်သမျှ ကာလပတ်လုံး အမျိုးသားရင်ကြားစေ့ရေး ဖြစ်လာနိုင်မည် မဟုတ်ဟုလည်း ဦးခွန်ထွန်းဦးက ပြောကြားခဲ့ဖူးပါသည်။

Most Read

Most Recent