သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ
Published 4 August 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ငယ်ဘ၀ အမှတ်တရကဏ္ဍမှာတော့ ရယ်လိုက်တိုင်း ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်၊ အဆိုတော်ချစ်စနိုးဦးရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
 
ချစ်စနိုးဦးရဲ့ ငယ်နာမည်ကတော့ အေးအေးခိုင်ဖြစ်ပြီး အားလုံးက ချစ်စနိုးနဲ့‘သဲသဲ’ လို့လည်း ခေါ်ကြပါတယ်။ သူမကိုတော့ ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ဦးတင်အေးနဲ့  မိခင်ဒေါ်ဆူစန်စိုးတို့ရဲ့ သမီးကြီးဖြစ်ပြီး သုံးနှစ်ငယ်တဲ့ မောင်လေးတစ်ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။
သူငယ်တန်းကနေ ဆယ်တန်း အထိ ကို ဒဂုံ(၁)ကျောင်းမှာ တက်ရောက်ခဲ့တဲ့သူမက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၀၁-၂၀၀၂  ပညာသင်နှစ်မှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။
‘‘ကျောင်းသူ ဘဝတုန်းကတော့ နည်းနည်းတုံးအတဲ့ ထဲမှာပါတယ်။ ငယ်ငယ်က ကျူရှင်လည်း မယူဘူး။ကျောင်းတက်တယ်၊ အိမ်ပြန်ရောက်ရင် အမေက စာသင်ပေးတယ်။ဆယ်တန်းနှစ်လောက် ရောက်တော့မှ ကျူရှင်ယူဖြစ်တာ။  ဒါပေမဲ့လည်း ကျူရှင်မှာ ဘယ်လောက်ပဲသင်သင် အိမ်ရောက်ရင် အမေက ပြန်သင်ပေးမှ စာရတယ်လို့ ခံစားရတယ်။ ဆယ်တန်းကိုတော့ Chemistry နဲ့ Eco နှစ်ဘာသာ ဂုဏ်ထူးထွက်ခဲ့ပါတယ်’’လို့ သူမက ကျောင်းသူဘ၀ အမှတ်တရအကြောင်းကို ပြောပါတယ်။
 ငယ်စဉ်က အိမ်ပုံတွေ၊ အဆောက်အအုံပုံတွေကို ရေးဆွဲရတာ ဝါသနာပါပြီး၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ သူမက ဆယ်တန်းစာမေးပွဲ အောင်ချိန်မှာ အင်ဂျင်နီယာ အမှတ်မီခဲ့ပေမယ့် အနုပညာလုပ်ငန်းတွေကြောင့် E-major ကို ရွေးချယ်တက်ရောက်ခဲ့ပါတယ်။ ကိုးတန်းကျောင်းသူ အရွယ်မှာ တေးသံရှင် ထွန်းအိန္ဒြာဗို ရဲ့ ‘နေရာလေးတစ်ခု’စီးရီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ရာကနေ အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့ပြီး၊ နောက်ပိုင်းမှာ မဂ္ဂဇင်း အလှဓာတ်ပုံတွေ၊ ကြော်ငြာတွေ၊ VCD တွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။
‘‘သဲကိုးတန်းနှစ်မှာ ကိုသဲသဲတို့က သရုပ်ဆောင်လုပ်ကြည့်ပါလား၊ နင့်ပုံစံလေးနဲ့ ဖြစ်နိုင်တယ်ဆိုပြီး ပြောတော့ သဲလည်း လုပ်ကြည့်မယ်လေဆိုပြီး ဓာတ်ပုံတွေ ဘာတွေ ဦးပီတာတို့ဆီမှာ ရိုက်ရင်းနဲ့ အဲဒီကနေ အဆက်အသွယ်တွေရလာပြီး အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်သွားတာပေါ့။ အဲဒီခေတ်တုန်းကတော့ ခေါင်းဆောင်နေရာကနေ ရိုက်ရဖို့က လေးနှစ်လောက်တော့ အချိန်ပေး ကြိုးစားခဲ့ရတာပေါ့။ အစပိုင်းမှာ ဇာတ်ကားတွေ ရိုက်တော့ မင်းသမီး သူငယ်ချင်းနေရာတို့၊ တစ်ခန်းစ နှစ်ခန်းစ အဲဒီလိုမျိုး သရုပ်ဆောင်ခဲ့ရတယ်။ အဲဒီနောက်မှာမှ အပြိုင်နေရာက သရုပ်ဆောင်လာရတယ်။ အဲဒီကနေမှ ခေါင်းဆောင်နေရာကို ရိုက်ခွင့်ရလာခဲ့ပါတယ်။ အဲဒါလည်း တစ်ခုတော့ ကောင်းပါတယ် အဲဒီလို အဆင့်ဆင့် ဖြတ်သန်းခဲ့ရတဲ့အတွက် အောက်သက် ကြေသွားတာပေါ့နော်’’လို့ သူမရဲ့ အနုပညာ ခရီးဖြတ်သန်းမှုအကြောင်းကို ပြောပြပါတယ်။
ပထမဆုံးဗီဒီယို ဇာတ်ကားအနေနဲ့ ‘တာရာ’ ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် လူမင်းရဲ့သမီးနေရာကနေ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့သူမက အခုချိန်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား ၆ ကား ရိုက်ကူးပြီးခဲ့ပြီပဲ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ ‘ရင်ကွဲနာ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ဆွတ်ခူး ရယူနိုင်ခဲ့တဲ့သူမက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ‘‘ဒီ ဇာတ်ကားကို သဲ အရင်က ဗီဒီယိုအနေနဲ့ ရိုက်ဖူးပါတယ်။နည်းနည်းပါးပါး ဇာတ်ကို ပြန်ပြင်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတဲ့အခါမှာ သိပ်တော့ အခက်အခဲမရှိခဲ့ပါဘူး။ ဒါပေမဲ့  drama ဇာတ်ကားဖြစ်တဲ့အတွက် တော်တော်လေးတော့ ကြိုးစားခဲ့ပါတယ်။ အားလုံးကလည်း ဒီကားမှာ နင်တော့ အကယ်ဒမီ ရနိုင်တယ်ဆိုပြီး ပြောပေမယ့် အဲဒီတုန်းက သိပ်တော့မမျှော်လင့်ရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ အကယ်ဒမီက အရမ်းကို နတ်ကြီးတယ်။ ကိုယ့်ရှေ့မှာလည်း အဲဒီလိုရနိုင်တယ် ဆိုပြီး နာမည်တွေထွက်ခဲ့ပြီးမှ မရခဲ့တဲ့ စီနီယာအစ်ကို၊ အစ်မတွေလည်း ရှိခဲ့ဖူးတော့ ကိုယ့်အလှည့်မှာလည်း အဲဒီလိုမျိုးဖြစ်မှာ စိုးတယ်။ ဒါပေမဲ့ တကယ်ပဲ အဲဒီနှစ်မှာ အကယ်ဒမီရခဲ့တဲ့အတွက်တော့ အရမ်းဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်’’လို့ သူမက ကြည်နူးပျော်ရွှင်စွာ ပြောပါတယ်။
‘‘သီချင်းဆိုဖြစ်သွားတာက ဦးစိုးလင်းတို့က ဧပရယ်ကွင်းသင်္ကြန် စီးရီးလေးလုပ်ဖို့ ရှိတယ်။ နင်လည်း သီချင်းတွေ နည်းနည်းပါးပါး ဆိုတတ်နေတာပဲ ဝင်ဆိုပါလားဆိုတာနဲ့ ဆိုဖြစ်သွားတာပေါ့။ အဲဒီတုန်းက ‘လက်ကလေးဆွဲထား’ သီချင်းကလည်း မထင်မှတ်ပဲ ပရိသတ်ကြားမှာ ပေါက်ခဲ့တော့ နောက်ပိုင်း သီချင်းဆိုတဲ့ဘက်ကိုပါ ရောက်သွားတာပေါ့။ နောက်ပိုင်းမှာ ကိုယ်ပိုင်သီချင်းလည်း ရှိသင့်တယ်ဆိုပြီး တစ်ကိုယ်တော် စီးရီးလေးကို လုပ်ဖြစ်ခဲ့တာပေါ့’’လို့ သူမက ဆိုပါတယ်။
သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ကျော်ကာလအတွင်းမှာ အရာရာက သူမအတွက် အမှတ်တရတွေချည်းပါပဲလို့လည်း သူမပြောပြခဲ့ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ‘ခိုနားခွင့်ပေးပါ’တစ်ကိုယ်တော်စီးရီး VCD ကို ရိုက်ကူးနေပြီး၊ ယခုနှစ်ကုန်ပိုင်းအမီ ထွက်ရှိနိုင်ဖို့ ကြိုးစားနေပါတယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ရပ်နားလိုက်ပါတယ်။       

Most Read

Most Recent