ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတုပြုလုပ်မှုဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် လိုက်ဘေးရီးယားနိုင်ငံသားကို ဇူလိုင် ၂၈ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် တရားစွဲဆိုခံထားရသည့် လိုက်ဘေးရီးယားနိုင်ငံသား Mr.RAYM-ONDSAMCHO ကို ပုဒ်မ ၄၂၄ (မရိုးမဖြောင့်သော သဘောနှင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြားလိုသော သဘောနှင့်ဖြစ်စေ ပစ္စည်းကိုဖယ်ရှားခြင်း၊ သို့တည်းမဟုတ် ဝှက်သိမ်းခြင်း) ဖြင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တွဲဖက်တရားသူကြီး(၁) က အမိန့်မှတ်ခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် လိုက်ဘေးရီးယားနိုင်ငံသား Mr.RAYM-ONDSAMCHO (၃၅ နှစ်)ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ရှိ ဟိုတယ်တစ်ခု၌ ဒေါ်လာအတုပြုလုပ်သည့် စာရွက်စာတမ်းများပါရှိကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါဟိုတယ်ရှိ ၎င်းတည်းခိုသည့် အခန်းအတွင်းမှ အမေရိကန်ဒေါ်လာနှင့် အရွယ်အစားတူသည့် စက္ကူရွက် ၆၀၀၀ ခန့် အား ပေါင်ဒါမှုန့်၊ ဂွမ်းစတို့ဖြင့် စနစ်တကျ ထုပ်ပိုးထားသည်ကို တွေ့ရှိခဲ့ပြီး ဒေါ်လာအတုပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးရည်ပုလင်းသုံးမျိုးနှင့် ဆပ်ပြာ အထုပ်ငယ် တစ်ထုပ်၊ ကျောက်နီအထုပ်ငယ် ခြောက်ထုပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် ၎င်းအားဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးကာ အနောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထု့ိပြင် သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် ကျောက်နီအထုပ်ငယ်များအား သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသို့ ပို့ဆောင်၍ ထင်မြင်ချက်တောင်းခံရာ ယင်း ကျောက်နီများမှာ ဖန်သွင်းအပူပေး ပြုပြင်ထားသည့် အာဖရိကပတ္တမြားများ ဖြစ်ကြောင်း သိရသည်။အဆိုပါပတ္တမြားများကို နိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်မှုဖြင့် လိုက်ဘေးရီးယားနိုင်ငံသားအား ဒဂုံမြို့နယ်တရားရုံးတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။
ဒေါ်လာအတု ပြုလုပ်မှုဖြင့် ဖမ်းဆီးထားသော လိုက်ဘေးရီးယား နိုင်ငံသား တစ်ဦးအား ပုဒ်မ ၄၂၄ ဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် အမိန့်ချ