အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလုပ်ငန်းနှင့် ကျွန်စနစ်ကို တိုက်ဖျက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား

အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလုပ်ငန်းနှင့် ကျွန်စနစ်ကို တိုက်ဖျက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား
Published 26 July 2016
နေထွန်းနိုင်၊နေသီဟ

အရှေ့တောင်အာရှ ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်စနစ်ကို တိုက်ဖျက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဇူလိုင် ၂၆ ရက်တွင် ပြောကြားသည်။
 
ဂျွန်ကယ်ရီသည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့သော အရှေ့အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ  ပင်လယ်ပြင်အတွင်း တရားမဝင်ဈေးကွက်သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ တန်ကြေးရှိပြီး ဒေသတွင်း လူကုန်ကူးမှု၊ သယံဇာတပျက်စီးမှုတို့၏ အရင်းအမြစ်ဖြစ်နေကြောင်း ဂျွန်ကယ်ရီက ဆိုသည်။
 
“ဒီဒေသတွင်း နိုင်ငံတစ်ခုက လူငယ်တစ်ဦးဟာ ပြည်ပမှာ အလုပ်ရှာဖို့သွားရင်းနဲ့ တရားမဝင် ငါးဖမ်းစက်လှေတစ်ခုမှာ ရောင်းစားခံရတဲ့အကြောင်း The New York Times သတင်းစာမှာ ဖတ်မိကြမှာပါ။ သူဟာ နှစ်နှစ်တိတိ လည်ပင်းမှာ သံကွင်းစွပ်နဲ့ အခကြေးငွေ လုံးဝမရဘဲ ကျွန်ဇာတ်သွင်းခံခဲ့ရပါတယ်။ ဒီလိုအဖြစ်မျိုးတွေ နောက်မဖြစ်အောင် ကာကွယ်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဂျွန်ကယ်ရီက ဆိုသည်။
 
ထိုကိစ္စရပ်အတွက် ဒေသတွင်းနိုင်ငံများ နှင့် အမေရိကန်နိုင်ငံအကြား ယခုနှစ် စက်တင်ဘာတွင် “ကျွနု်ပ်တို့နှင့် သမုဒ္ဒရာ” အမည်ဖြင့် ညီလာခံတစ်ခုကို ဝါရှင်တန်၌ ကျင်းပသွားမည်ဟု ၎င်းက ပြောကြားသည်။
 
ထို့အပြင် မြောက်ကိုရီးယား၏ ရန်လိုသော အနုမြူလက်နက် စမ်းသပ်မှုများအကြောင်းကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
“တစ်ကမ္ဘာလုံးဟာ အနူမြူလက်နက်တွေနဲ့ ဝေးရာမှာရှိနေဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ဆိုရင်လည်း အနုမြူလက်နက်များကို လျှော့ချဖို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သဘောတူညီချက် ရထားပြီးပါပြီ။ အနုမြူလက်နက်တွေကို လျှော့ ချရခြင်းဟာ နေ့ချင်းညချင်း ပြီးနိုင်မှာ မဟုတ်ပေမယ့် နိုင်ငံတွေအနေနဲ့ အခုချိန်ကတည်းက အစပျိုးထားလို့ ရပါတယ်”ဟု ကယ်ရီက ပြောကြားသည်။
 
မြောက်ကိုရီးယားသည် ဇန်နဝါရီမှ မေလအထိ အနုမြူလက်နက် စမ်းသပ်ချက်များ ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သတိပေးအရေးယူမှုများကိုလည်း လိုက်နာခြင်း မရှိခဲ့ပေ။
 
တောင်တရုတ်ပင်လယ်အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပြီး အမေရိကန်သည် မည်သည့်ဘက်မှ လိုက်မည်မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာဖြင့် သံတမန်နည်းလမ်း အသုံးပြု၍ ဖြေရှင်းရေးကိုသာ အားပေးသွားမည်ဟု ပြောကြားသည်။
 
“ကျွန်တော် ဒီညနေပဲ ဖိလစ်ပိုင်နိုင်ငံကို သွားမှာပါ။ မနက်ဖြန်မှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့တွေ့ပြီး တရုတ်နဲ့ ဖိလစ်ပိုင်နှစ် နိုင်ငံညှိနှိုင်းရေးတွေလုပ်ဖို့  တိုက်တွန်းသွားမှာပါ”  ဟု တောင်တရုတ်ပင်လယ်အရေး အမေရိကန်၏ သဘောထားနှင့် ပတ်သက်ပြီး NHK သတင်းဌာန၏ မေးမြန်းမှုကို ပြန်ဖြေရာ၌ ဂျွန်ကယ်ရီက ထည့်သွင်းပြောကြားခဲ့သည်။
 
 

Most Read

Most Recent