ကုလသမဂ္ဂ၌ ယခင်အတိုင်း ထောက်ခံမှု ဆက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho က ဇူလိုင် ၂၅ ရက်တွင် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက လာအိုနိုင်ငံ ဗီယန်ကျင်းရှိ အမျိုးသားကွန်ဗင်းရှင်း စင်တာတွင် သီးသန့်တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ယင်းသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ကုလသမဂ္ဂမှာ တစ်ဖက်နဲ့တစ်ဖက် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံပေးကြတယ်။ အဲဒါတွေ ဆက်သွားချင်တယ်။ နောက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် လမ်းကြောင်းရှာဖို့ပေါ့။ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ဆိုပြီး သူတို့ အဆိုပြုပါတယ်” ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော အာဆီယံရေးရာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်က The Daily Eleven သို့ ပြောကြားသည်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိရန် မြောက်ကိုရီးယားနိုင်ငံက ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ယခင်အတိုင်း အပြန်အလှန် ထောက်ခံပေးရန် အဆိုပြုခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုလည်း ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ ဖိတ်ကြားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၅ ရက်တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့နှင့် သီးသန့်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍနှင့် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ၌ ယခင်အတိုင်း ထောက်ခံမှု ဆက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်အား မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို