အခွန်ကောက်ခံရာတွင် သတ်မှတ်ထားသည့် အခွန်မူဝါဒများနှင့်အညီ ထိရောက်စွာ ထိန်းကျောင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာတင်သွင်း

အခွန်ကောက်ခံရာတွင် သတ်မှတ်ထားသည့် အခွန်မူဝါဒများနှင့်အညီ ထိရောက်စွာ ထိန်းကျောင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာတင်သွင်း
Published 25 July 2016
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

အခွန်ကောက်ခံရာတွင် သတ်မှတ်ထားသည့် အခွန်မူဝါဒများနှင့်အညီ ထိရောက်စွာ ထိန်းကျောင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက နေပြည်တော်တွင် ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၌ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှင့် ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ ဒုတိယ ခြောက်လပတ် အခွန်ရငွေစာရင်းများအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးဌာန၊ အဖွဲ့အစည်း များ၏ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိ ယ ခြောက်လပတ် အခွန်ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၃၉၅၆ ဘီလျံဖြစ်ပြီး လျာထားချက်မှာ ငွေကျပ် ၄၃၆၀ ဘီလျံဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ဒုတိယ ခြောက်လပတ် အခွန်ရငွေအသေးစိတ် စာရင်းများအရ ဒုတိယ ခြောက်လပတ်တွင် လျာထားချက် ပြည့်မီသည့် အခွန် ၁၀ မျိုးရှိပြီး လျာထားချက်မပြည့်မီသည့် အခွန် ခုနစ်မျိုးရှိရာ ယစ်မျိုးခွန်၊ သွင်းကုန်အတွက် လိုင်စင်ခများ၊ ဝင်ငွေခွန်၊ အကောက်ခွန်၊ ကြက်ပေါင်စေးပေါ်တွင် ကောက်ခံသည့်အခွန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် အတွက် ကောက်ခံသည့် အခွန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် ကောက်ခံသည့် အခွန်တို့ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ စုစုပေါင်း အခွန်ရငွေမှာ ငွေကျပ် ၆၃၁၄ ဘီလျံဖြစ်ပြီး လျာထားချက် ပြည့်မီစွာ ကောက်ခံရရှိသည့် အခွန် ၁၁ မျိုးရှိပြီး လျာထားချက် မပြည့်မီသည့် အခွန်ခြောက် မျိုးရှိရာ သွင်းကုန်အတွက် လိုင်စင်ခများ၊ ကုန် သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အကောက်ခွန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အ တွက် ကောက်ခံသည့်အခွန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အကောက်တို့ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အခွန် ရငွေမှာ ကျပ် ၆၅၁၅ ဘီလျံဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အခွန်ရရှိမှုမှာ ကျပ် ၆၃၁၄ ဘီလျံဖြစ်ရာ အခွန်ရရှိမှု အနည်းငယ် ကျဆင်းသွားကြောင်း တွေ့ရှိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အခွန်ရငွေများနှင့် စပ်လျဉ်း၍ ပထမခြောက်လပတ်နှင့် ဒုတိယခြောက်လပတ် ဖော်ပြချက်တို့တွင် ဝင်ငွေခွန်ကဏ္ဍသည် လျာထားချက်ထက် လျော့နည်းရရှိသည်ကို တွေ့ရှိရကြောင်း၊ ရှင်းလင်းဖော်ပြချက်တွင် လျာထားချက်ထက် လျော့နည်းရခြင်းမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍတို့တွင် လျော့နည်း ကောက်ခံရခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားရာ ပိုမိုရှင်းလင်းစွာ ဖော်ပြသင့်ပြီး ဝင်ငွေခွန်အား လျာထားချက် ပြည့်မီအောင် ကောက်ခံသင့်ကြောင်း ကော်မတီက သုံးသပ်ထားသည်။
ထို့ပြင် အခွန်ကောက်ခံရာတွင် သတ်မှတ်ထားသည့် အခွန်မူဝါဒများနှင့်အညီ ထိရောက်စွာ ထိန်းကျောင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း သုံးသပ်ထားသည်။
 

Most Read

Most Recent