မိုင်ဂျာယန်အစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှ ကိုယ်စားလှယ်ခြောက်ဦး တက်ရောက်မည်

မိုင်ဂျာယန်အစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှ ကိုယ်စားလှယ်ခြောက်ဦး တက်ရောက်မည်
Published 25 July 2016
ဇာလီမြင့်ဦး

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစည်းအဝေးသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ကိုယ်စားလှယ်ခြောက်ဦး တက်ရောက်မည် ဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။
 
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေးသို့ တက်ရောက်ရန် UNA အဖွဲ့အား ဖိတ်ကြားထားခြင်းဖြစ်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းကျော်ညွန့်၊ ရခိုင်အမျိုးသားပါတီမှ ဦးမျိုးကျော်၊ မွန်အမျိုးသားပါတီမှ နိုင်စိုးမြင့်၊ ကချင်ပြည်နယ် အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီမှ ဒုဥက္ကဋ္ဌဒေါက်တာ အမ်ကောန်လ၊ ကရင်အမျိုးသားပါတီမှ မန်းကျော်ငြိမ်းနှင့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီဒူးတို့က ကိုယ်စားလှယ်အဖြစ် တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
“မိုင်ဂျာယန် အစည်းအဝေး အစီအစဉ်ကိုတော့ ကျွန်တော်တို့ မသိသေးဘူးပေါ့။ နောက်ပြီးတော့ ဒီအစည်းအဝေးမှာတော့ ပါတီတွေက ဘယ်လောက်ပါဝင် ဆွေးနွေးခွင့် ရှိမယ်ဆိုတာလည်း မသိသေးဘူး။ ဒါပေမဲ့ ပြောလို့ရမယ်ဆိုရင် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ UNA မူအတိုင်း ပြောကြ၊ တင်ပြကြဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 
 
UNA အဖွဲ့ဝင်ပါတီများအနေဖြင့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံတွင် တင်ပြရန် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံသင့်သည့် ကဏ္ဍအလိုက် မူဝါဒများ၊ သဘောထားများကို ဆွေးနွေးထားမှုများ ရှိကြောင်း သိရသည်။ 
 
အလားတူ အခြားတိုင်းရင်းသားနိုင်ငံရေး ပါတီအစုအဖွဲ့တစ်ခုဖြစ်သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)အဖွဲ့သည်လည်း မိုင်ဂျာယန် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရပြီး လက်ရှိတွင် အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်ငါးဦး ရွေးချယ်ထားပြီး ဖြစ်ကြောင်း NBF အဖွဲ့ဝင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။ 
 
NBF အဖွဲ့ ကိုယ်စားလှယ်များအနေဖြင့်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဦးဆောင်၍ တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့စုံ ပါဝင်သည့် တိုင်းရင်းသားညီလာခံတစ်ရပ် ကျင်းပရန်အတွက် မိုင်ဂျာယန် အစည်းအဝေးတွင် အကြံပြုတင်ပြရန်ရှိကြောင်း ဦးမန်းအောင်ပြည်စိုးက ပြောကြားထားသည်။                

Most Read

Most Recent