၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (ဘတ်ဂျက်ဥပဒေ)အား ပြင်ဆင်သည့် ဥပဒေကြမ်း အပါအဝင် အစိုးရအဖွဲ့မှ ပေးပို့လာသည့် ဥပဒေကြမ်း အသစ်များကို ဆွေးနွေးအတည်ပြုမည့် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ဇူလိုင် ၂၅ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။အဆိုပါ အစည်းအဝေး ကာလတွင် ၂၀၁၆ ပြည်ထောင်စု၏ ဘတ်ဂျက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အဓိကဆွေးနွေး အတည်ပြုမည်ဖြစ်ပြီး အစိုးရမှ ပေးပို့ထားသည့် ဥပဒေကြမ်း အသစ်များမှာ ပိုင်နက်ပင်လယ်ဇုန်များ ဥပဒေကြမ်း၊ အစိုးရအောင်ဘာလေထီ ဥပဒေကြမ်း၊ မြန်မာ့သင်္ဘောများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် နိုင်ငံဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်းလမ်းပို့ဆောင်ရေး အဖွဲ့ ဥပဒေကြမ်း၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းများ ဖြစ်ကြောင်း သိရသည်။ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကာလအတွင်းက အတည်ပြုခဲ့သည့် ဥပဒေကြမ်းနှင့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တင်သွင်းခဲ့သည့် ဥပဒေကြမ်း သုံးခုနှင့် လွှတ်တော်ကော်မတီများက ပြင်ဆင်တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်ပြီး အစိုးရသစ် အနေဖြင့် တာဝန်ယူစဉ် ယခုကဲ့သို့ ဥပဒေကြမ်းများ စတင် ပေးပို့လာခြင်း ဖြစ်သည်။ပြည်ထောင်စု၏ ဘတ်ဂျက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် စီမံကိန်းလုပ်ငန်း အသစ်များ မပါဝင်ဘဲ ယခင် အစိုးရနှင့် ယခုအစိုးရသစ်လက်ထက် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အရေအတွက် အတိုးအလျော့အတွက် သာမန်အသုံးစရိတ်များကိုသာ အဓိကပြန်လည် ပြင်ဆင်ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ပြောကြားသည်။ထို့ပြင် လွှတ်တော်တွင် ဆွေးနွေးဆဲ ဖြစ်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားသည်။အမျိုးသားလွှတ်တော်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရာတွင် ဧည့်စာရင်းတိုင်ကြားရန် အချက်ကို ပယ်ဖျက်ခဲ့သဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ပြုလုပ်ထားသည်။ထို့အတူ အဖွဲ့ဝင်ဦးရေ သတ်မှတ်ချက်အား အဓိက ပြင်ဆင်ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်း အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော်သို့ ပေးပို့ခဲ့ကာ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည် ပေးပို့ထားသည်။အလားတူ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည်လည်း အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုခဲ့ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားကာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကာလအတွင်း ကတိဖြစ်ခဲ့သည့် မေးခွန်း၊ အဆိုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယခု ကျင်းပမည့် ဒုတိယပုံမှန် အစည်းအဝေး ကာလအတွင်း အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောကြားထားသည်။ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ တိုင်းရင်းသားစာပေ သင်ကြားရေး ကိစ္စများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များ ပါဝင်မည့် အစီရင်ခံစာကို ဒုတိယပုံမှန် အစည်းအဝေးကာလ အတွင်း တင်သွင်းရန် ရှိကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ဇူလိုင် ၂၃ ရက်က ပြောကြားသည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ရှိ ပြည်သူများ သာမက နောင်မျိုးဆက်များကိုပါ ဒုက္ခပေးနိုင်သည့် အရေးပေါ်စီမံမှု အက်ဥပဒေ အပါအဝင် ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပြင်ဆင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် တာမွေမြို့နယ်ရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။NLD လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုးထားသည့် ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကာလတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်၌ လည်းကောင်း၊ အမျိုးသားလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်၌ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်၌ လည်းကောင်း စတင် ကျင်းပခဲ့ပြီး ဇွန် ၁၀ ရက်တွင် ပြီးဆုံးခဲ့သည်။
၂၀၁၆ ပြည်ထောင်စု၏ ဘတ်ဂျက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ အပါအဝင် အစိုးရအဖွဲ့မှ ပေးပို့ထားသည့် ဥပဒေကြမ်းများ ဆွေးနွေး အတည်ပြုမည့် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ ယနေ့ စတင်မည်