ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တားမြစ်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အမျိုးအမည်များ သတ်မှတ်မည်

ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တားမြစ်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အမျိုးအမည်များ သတ်မှတ်မည်
Published 20 July 2016
မင်းသီဟဇော်

ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တားမြစ်ပိတ်ပင်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအမည်နှင့် ပမာဏကို သတ်မှတ်သွားမည်ဖြစ်ကြောင်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီး အဖွဲ့မှ သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး အစရှိသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌများ၊ UMFCCI ဥက္ကဋ္ဌ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနမှ ပါမောက္ခတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ဌာနမှ ပါမောက္ခ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂)တို့အဖြစ် အသီးသီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ဖော်စပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တားမြစ်ပိတ်ပင်သည့် ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်း၏ အမျိုးအမည်နှင့် ပမာဏကို သတ်မှတ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများ၏ ကျန်းမာရေး၊ အသက်အန္တရာယ်၊ တိုက်ရိုက်ထိခိုက်မှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ တစ်ဆင့် လူနှင့်တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အား သွယ်ဝိုက်ထိခိုက်မှုတို့ကို ကြိုတင်ဆန်းစစ်မှု ပြုလုပ်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းတို့ကြောင့် သဘာ၀ ပတ်ဝန်းကျင်အား ဆိုးကျိုး သက်ရောက်မှုကို ဆန်းစစ်မှု ပြုလုပ်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် လူနှင့် တိရစ္ဆာန်တို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်မှုနှင့် ပတ်ဝန်းကျင်သို့ ဆိုးကျိုးသက်ရောက်မှုအား အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အဖွဲ့များ ဖွဲ့စည်း၍ တာဝန်ပေးခြင်းနှင့် အရေးယူခြင်းတို့ကိုလည်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။