ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း
Published 19 July 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁) ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဒါနခန်း၌ သာသနာတော်၏ သွင်ပြင် လက္ခဏာဖြစ်သည့် သင်္ကန်းကို အမွန်အမြတ်ထား၍ လှူဒါန်းလေ့ရှိသည်။ ထိုတွင် ကာလအထူးတို့၌ အသီးအခြား လှူဒါန်းလေ့ရှိသည့် သင်္ကန်းက ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း ဖြစ်သည်။ အမွန်အမြတ် လှူဖွယ်အဖြစ် သဘောထားကြခြင်း၏ အကြောင်းရင်းက သင်္ကန်းသည် ဘုရားရဟန္တာတို့၏ တံခွန် အောင်လံဖြစ်ခြင်းနှင့် ဘုရားပွင့်တော်မူရာ ခေတ်၌သာ ကြုံတွေ့ခွင့်ရသည့် ထူးမြတ်သော ဝတ်ရုံဖြစ်သောကြောင့် ဖြစ်သည်။
 
သာသနာတော်၏ ရေသောက်မြစ်ဖြစ်သည့် ရှင်သာမဏေ တစ်ပါးဖြစ်ဖို့ အရေး၌ အဓိက ကိစ္စရပ်ကြီး သုံးခုရှိသည်။ ယင်းတို့သည်ကား (၁) ဆံချခြင်း၊ (၂) သရဏဂုံကို ပီပီသသ ရွတ်ဆိုရခြင်း၊ (၃) သင်္ကန်းကို ဝတ်ရုံရခြင်းတို့ ဖြစ်သည်။ အခြားအင်္ဂါရပ်တို့ ပြည့်စုံပါသော်လည်း သင်္ကန်းမပါလျှင် ရှင်ရဟန်း မဖြစ်နိုင်။ ထိုအချက်ကိုထောက်၍ သာသနာတော်၌ သင်္ကန်း၏ အရေးပါ အရာရောက်မှုကို နားလည်နိုင်ပါ၏။
 
(၂) မြတ်စွာဘုရား လက်ထက်တော် ကာလက ရှင်ရဟန်းတို့ အနေဖြင့် သင်္ကန်းတစ်စုံရဖို့ အရေး အင်မတန်မှ ခဲယဉ်းခဲ့သည်။ အိန္ဒိယ လူမျိုးတို့၏ ရှေးဟောင်းဓလေ့၌ တစ်စုံတစ်ယောက် သေဆုံးခဲ့လျှင် အဝတ်ဖြင့် ရစ်ပတ်၍ သုသာန်၌ ပစ်ထားလေ့ ရှိသည်။ ထိုသူသေကောင်၌ ရစ်ပတ်ထားသော အဝတ်သည် ပိုင်ရှင်မဲ့ဖြစ်၏။ ထိုအဝတ်ကို ခွာယူ၍ ဖြစ်စေ၊ မြို့ပြင်ရွာပြင်၌ အသုံးမတည့်၍ လူတို့စွန့်ပစ်ထားသည့် အဝတ်အပိုင်းအစတို့ကို ကောက်ယူ၍ဖြစ်စေ အပိုင်းအပိုင်းဖြတ်၊ ဆက်စပ်၊ ချုပ်၊ ဆိုးစသည် ပြုလုပ်ပြီးကာမှ သင်္ကန်းတစ်ထည်ဟု ဖြစ်ရသည်။ ထိုသင်္ကန်းမျိုးကို ‘ပံ့သုကူသင်္ကန်း’ ဟုခေါ်သည်။ ပံ့သကူ သင်္ကန်းက သင်္ကန်းတကာတို့တွင် အမြတ်ဆုံး ဖြစ်သည်။
 
မြတ်စွာဘုရား၏ ဝါတော် ၂၀ ကာလ အတွင်း၌ ပံ့သကူ သင်္ကန်းကိုသာ အသုံးပြုတော်မူ ကြသည်။ ဝါ ၂၀ ကျော် ကာလရောက်ကာမှ ‘ဆရာဇီဝက’ ၏ တောင်းပန်လျှောက်ထားမှု အရ လူဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်သည်။ လူတို့တွင် အဦးဆုံး သင်္ကန်းလှူခဲ့သူကလည်း ဆရာဇီဝကပင် ဖြစ်သည်။
 
(၃) ချည် အမျိုးအစားကိုလိုက်၍ သင်္ကန်း ခြောက်မျိုး ရှိကြောင်း ဝိနည်း အဖွင့်ကျမ်းတို့၌ ပြဆိုသည်။ ခုံချည်ဖြင့် ရက်သောသင်္ကန်း၊ ဝါချည်ဖြင့် ရက်သောသင်္ကန်း၊ ပိုးချည်ဖြင့် ရက်သောသင်္ကန်း၊ သိုးမွေးဖြင့် ရက်သောသင်္ကန်း၊ သျှမ်ချည်ဖြင့် ရက်သောသင်္ကန်း၊ ချည်အမျိုးမျိုးရော၍ ရက်သောသင်္ကန်းဟု အမျိုးအစား ကွဲပြားမှု ရှိသည်။ ထိုမှတစ်ပါး၊ ဘွဲ့ဖြူသင်္ကန်း၊ ထိုထိုတိုင်းနိုင်ငံတို့မှ ချည်ဖြင့် ရက်လုပ်သော သင်္ကန်း၊ တန်ခိုးကြောင့်ဖြစ်သော သင်္ကန်း၊ နတ်တို့လှူသော သင်္ကန်းတို့ကိုလည်း ဝတ်ရုံခြင်းငှာအပ်၏ဟု ခွင့်ပြုတော်မူခဲ့သည်။
 
သမန်းမြက်သင်္ကန်း၊ လျှော်သင်္ကန်း၊ ချည်သင်္ကန်း၊ လူတို့၏ဆံပင်၊ သားကောင်တို့၏ အမြီးဖြင့် ရက်လုပ်သော သင်္ကန်း၊ သစ်နက်ရေ၊ မရိုးမျှင်၊ သင်ပန်းမျှင်တို့ဖြင့် ရက်သော သင်္ကန်း၊ သစ်သား၊ သစ်ခေါက်၊ သစ်ခွံ၊ နွယ်၊ ငှက်ပျောလျှော်၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော သင်္ကန်းတို့ကိုကား ဝတ်ရုံ သုံးဆောင်ခြင်းငှာ ခွင့်ပြုတော်မမူခဲ့။ ယခုကာလ၌ ပြည်ပနိုင်ငံများမှ တင်သွင်းသော အဝတ်စတို့၌ အစင်းကြောင်းများ၊ ပန်းပွင့်စသည့် အစက်အပြောက် များပါခဲ့လျှင်လည်း ထိုအဝတ်ကို သင်္ကန်းအဖြစ် ဝတ်ရုံံ သုံးဆောင်ခြင်းငှာ မထိုက်။
 
သို့သော် မိမိပိုင် သင်္ကန်းကို သူခိုးအခိုးခံရ၍ ဝတ်စရာ သင်္ကန်းမရှိခဲ့လျှင်ကား ‘မဝတ်ထိုက်’ ဟု ဆိုခဲ့သမျှ သင်္ကန်းအားလုံးကို ဝတ်ရုံ သုံးဆောင်နိုင်ကြောင်း ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။
 
(၄) အသုံးပြုပုံပြုနည်း အားလျော်စွာ သင်္ကန်း ကိုးမျိုး ရှိကြောင်းလည်း ပြဆိုထားသည်။ ၎င်းတို့သည်ကား (၁) ခါးဝတ်သင်းပိုင်၊ (၂) အပေါ်ရုံဧကသီ၊ (၃) ဒုကုဋ်ခေါ် နှစ်ထပ် သင်္ကန်းကြီး၊ (၄) ရေလဲဝတ်အဖြစ် သုံးသည့် မိုးရေခံသင်္ကန်း၊ (၅) အခင်းအဖြစ်သုံးသည့် နေရာထိုင် (နိသီဒိုန်)၊ (၆) အိပ်ရာခင်းသင်္ကန်း၊ (၇) အနာကို ဖုံးလွှမ်းရသည့် အနာလွှမ်းသင်္ကန်း၊ (၈) မျက်နှာသုတ် သင်္ကန်းဆိုသည့် မျက်နှာ သုတ်ပုဝါ၊ (၉) ရေစစ်၊ သပိတ်အိတ်စသည် သုံးစွဲလောက်သော ‘ပရိက္ခရာစောဠ’ ခေါ် အတိုအပြတ် အဝတ်စများ ဖြစ်သည်။ ထိုတွင် သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် သုံးမျိုးတို့သည်သာ မူလ သင်္ကန်းတို့ဖြစ်၍ ကြွင်း ခြောက်မျိုးသည်ကား လိုအပ်ချက်အရ တိုး၍ ခွင့်ပြုတော်မူခဲ့သည့် သင်္ကန်းတို့ဖြစ်၏ဟု နားလည်ရပါသည်။ 
 
မိုးရေထဲ၌ အဝတ်မပါ ကိုယ်ဗလာဖြင့် မိုးရေချိုးနေသည့် ရဟန်းတော် အချို့ကို အကြောင်းပြု၍ ကျောင်းအမကြီး ဝိသာခါ၏ တောင်းပန်မှုအရ မိုးရေခံ သင်္ကန်းကို ခွင့်ပြုတော်မူခဲ့သည်။ ကိုယ်ကိုစောင့်ရှောက်ခြင်း၊ ကျောင်းအိပ်ရာ နေရာကို စောင့်ရှောက်ခြင်း အကျိုးငှာ နေရာထိုင် အခင်းသင်္ကန်းကို ခွင့်ပြုတော်မူခဲ့သည်။ နေရာထိုင်အခင်းက သေးငယ်သည့် အတွက် အိပ်ရာခင်း သင်္ကန်းကို ခွင့်ပြုတော်မူခဲ့သည်။ ဝဲကြီးနာ စွဲကပ်သော အရှင်ဗေလဋ္ဌသီသကို အကြောင်းပြု၍ အနာလွှမ်း သင်္ကန်းကို ခွင့်ပြုတော်မူခဲ့သည်။ ကျောင်းအမကြီး ဝိသာခါ၏ လှူဒါန်းလိုမှုကို အကြောင်းပြု၍ မျက်နှာသုတ် သင်္ကန်းကို ခွင့်ပြုတော်မူ ခဲ့သည်။ သပိတ်အိတ်၊ ရေစစ် စသည် လိုအပ်ရာရာ အသုံးပြုနိုင်စေဖို့ ပရိက္ခရာစောဠကို ခွင့်ပြုတော်မူခဲ့သည်။
 
(၅) အခါတစ်ပါး၌ ရာဇဂြိုဟ်မှ ဒက္ခိဏဂိရိ ဇနပုဒ်သို့ မြတ်စွာဘုရား ဒေသစာရီ ကြွတော်မူစဉ် “လေးထောင့်စပ်စပ် လယ်ကွက်၊ အလျားရှည်လယ်ကွက်၊ အကြားအကြား၌ ကံသင်းဖွဲ့ထားသော လယ်ကွက်” တို့ကို အရှင်အာနန္ဒာအား ညွှန်ပြတော်မူ၍ ထိုလယ်ကွက်တို့၏ ပုံသဏ္ဌာန်နှင့် အလားတူစွာ သင်္ကန်းကို ချုပ်စေတော်မူသည်။
 
ထိုအခါ၊ အရှင်အာနန္ဒာက “မူလအနား ပတ်ရှည်၊ ထပ်တင်သော အနားပတ်ရှည်၊ တလုပ်မြောင်းရှည်၊ မူလအနားပတ်တို၊ ထပ်တင်သော အနားပတ်တို၊ တလုပ်မြောင်းတို၊ အခန်းကြီး ငါးခန်း၊ အခန်းငယ် ငါးခန်း၊ ခေါင်စပ်၊ ခေါင်ရန်၊ လက်လိပ်နှစ်စပ်၊ (ကြာရှည်ခိုင်ခံ့စေဖို့) လည်ပင်းနေရာ၌ ထပ်ပိုးလွှာ၊ ခြေသလုံးနေရာ၌ ထပ်ပိုးလွှာတို့ဖြင့် စီစဉ်၍ သင်္ကန်းကို စီစဉ်ချုပ်လုပ်တော်မူပါသည်။
 
တစ်နေ့သ၌ အရှင်အာနန္ဒာ ရွာတွင်းသို့ ဆွမ်းခံကြွစဉ် လေမြူးသောကြောင့် သင်္ကန်း အနားစတို့ လွင့်သည်ကို အကြောင်းပြု၍ သင်္ကန်းအောက်ခြေ အစွန်း၌ ကမ္ပတ်သီး (အနားပတ်သီး) တပ်ဆင်ခြင်းကို ဘုရားရှင် ခွင့်ပြုတော်မူပါသည်။
 
(၆) တစ်ခါက သာကီဝင် ဆွေတော်မျိုးတော်တို့၏ စကားဝိုင်း၌ “ရှေးဦးစွာ သောတာပန်ဖြစ်သည့် လူပုဂ္ဂိုလ်အား နောက်မှသောတာပန်ဖြစ်သည့် ရဟန်းက အရိုအသေ ပြုသင့်သည်” ဆိုသော စကားတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ မြတ်စွာဘုရားက “လူသောတာပန်နှင့် ရဟန်းသော တာပန်ကို မနှိုင်းစာအပ်၊ အရဟဒ္ဓဇသင်္ကန်းကြောင့် လူသောတာပန်ထက် ရဟန်းသောတာပန်က သာလွန်မြင့်မြတ်သည်။ အကျင့်အားဖြင့် အဆင့်အတန်းမြင့်သည့် အနာဂါမ် လူပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား ယနေ့ဖြစ်စ ပုထုဇဉ် သာမဏေကိုပင် အရိုအသေ ပြုရမည်” ဟု မိန့်တော်မူခဲ့သည်။
 
ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြသည့် အဆူဆူသော ဘုရားရှင်တို့သည် သင်္ကန်းကို ဝတ်ရုံသုံးဆောင်၍သာ သမ္မာသမ္ဗုဒ္ဓအစစ် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ကြသည်။ ကိလေသာ ခပ်သိမ်း ကင်းငြိမ်းတော် မူခဲ့ကြသည်။ သင်္ကန်းသည် သာသနာတော်၏ အမွန်အမြတ် ရတနာတစ်ပါး ဖြစ်သည်။ သို့ရ ကားလမ်းခရီး၌ စွန့်ပစ်ထားသော မစင်အညစ်အကြေး လိမ်းကျံနေသော သင်္ကန်းကိုပင် ဦးဖြင့်တိုက်၍ ရှိခိုးထိုက်ကြောင်း အပဒါန်အဋ္ဌကထာ၌ ပြဆိုသည်။
 
(၇) သင်္ကန်းသည် သာသနာကွယ်ခြင်း၊ မကွယ်ခြင်း၏ မှတ်တိုင်သဖွယ် ဖြစ်သည်။ ‘ဤသင်္ကန်းဖြင့် ငါတို့အား အကျိုးမများဟု နှလုံးမူ၍ သင်္ကန်းကို မစွန့်ပယ်သရွေ့ လိင်္ဂသာသနာ မကွယ်ပနိုင်။ သင်္ကန်းကို စွန့်ပစ်သော အခါမှသာ လိင်္ဂသာသနာ ကွယ်ပမည်ဖြစ်ကြောင်း အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဆိုသည်။
 
သင်္ကန်းကို လှူဒါန်းရခြင်းကြောင့် အကျိုးတရား ရှစ်ပါးရနိုင်ကြောင်း အပဒါန်ပါဠိတော်၌ ဆိုသည်။ ထိုအကျိုးတို့သည်ကား “ရွှေအဆင်းကဲ့သို့ ဝါဝင်းလှပခြင်း၊ အညစ်အကြေး ကင်းခြင်း၊ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း၊ တန်ခိုးရှိန်စော် အာနုဘော်ကြီးခြင်း၊ ကိုယ်လုံးကိုယ်နေ ပြေပြစ် ချောမောခြင်း၊ အဆင်းလှသော ဝတ်စုံတို့ကို ရနိုင်ခြင်း၊ အရည်အသွေးကောင်းသည့် ပိုးထည်၊ သက္ကလပ်ထည် တို့ကို ရနိုင်ခြင်း၊ ခေါမတိုင်းဖြစ် အထည်တို့ကို ရနိုင်ခြင်း” တို့ဖြစ်သည်။
 
ဘုရားတစ်ဆူဆူနှင့် တွေ့ဆုံရချိန်၌ (ယောကျ်ားဖြစ်လျှင်) ‘ဧဟိဘိက္ခု’ အခေါ်ခံရကာမျှဖြင့် ‘ဧဟိဘိက္ခု’ ရဟန်းဘဝကို ရနိုင်ခြင်း၊ (မိန်းမဖြစ်လျှင်) အဖိုးထိုက်သည့် ‘မဟာလတာ’ တန်းဆာကို ရနိုင်ခြင်းတို့သည်ကား သင်္ကန်းလှူရခြင်း၏ အမြင့်ဆုံး အကျိုးရလဒ်တို့ ဖြစ်ကြောင်း လေ့လာ မှတ်သားရပါသည်။
 
ရည်ညွှန်းကျမ်းစာ -
- တိပိဋကပါဠိမြန်မာအဘိဓာန်၊ အတွဲ (၇)

Most Read

Most Recent