မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် စုံညီ အစည်းအဝေးနှင့် ပတ်သက်၍ နယ်မြေနှင့် အင်အားတည်ဆောက်ရေး မလုပ်ရန် အပါအဝင် အချက်နှစ်ချက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတိပေးဟု PPST အဖွဲ့ဝင် ပြောကြား

မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် စုံညီ အစည်းအဝေးနှင့် ပတ်သက်၍ နယ်မြေနှင့် အင်အားတည်ဆောက်ရေး မလုပ်ရန် အပါအဝင် အချက်နှစ်ချက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတိပေးဟု PPST အဖွဲ့ဝင် ပြောကြား
Published 5 July 2016
အောင်ဇော်ထွန်း

ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသ၌ ကျင်းပရန် ဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီ အစည်းအဝေးနှင့် ပတ်သက်၍ အဆိုပါ အစည်းအဝေးသည် နယ်မြေ တည်ဆောက်ရေး၊ အင်အား တည်ဆောက်ရေးများ မဖြစ်ရန် လိုအပ်ကြောင်း အပါအဝင် အချက်နှစ်ချက်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး ပြောကြားဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၏ ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် PPST အဖွဲ့ဝင်များသည် ဇွန် ၂၉ ရက်က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ တိုင်းရင်းသား ခေါင်းဆောင်များက မိုင်ဂျာယန် ဒေသ၌ ကျင်းပမည့် အစည်းအဝေးနှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် သွားလာရေးအတွက် အကူအညီပေးရန် တင်ပြဆွေးနွေးစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အစည်းအဝေးနှင့် ပတ်သက်ပြီး အချက်နှစ်ချက်ကို သတိပေး ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။     ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင် နာယကလည်း ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒီပွဲကတော့ ကျန်နေတဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါလာအောင် သူ့အနေနဲ့ ကြိုတင်ပြင်ဆင်တဲ့ နောက်ဆုံးပွဲလည်း ဖြစ်နိုင်တယ်။ အပြင်ပွဲပေါ့လေ။ ပြီးရင် အားလုံး အထဲမှာ ဆုံမယ့် အတူတူ အပြင်မှာ တစ်ချက် ညှိဦးမယ်ဆိုတဲ့ သဘောမျိုး ဒီပွဲကနေ ဝေးကွာသွားဖို့ ပိုရှုပ်သွားဖို့တော့ မရှိဘူးလို့ ကျွန်တော် ထင်တယ်။ သို့သော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တုန်းက သူ့ကို ကျွန်တော်တို့က တင်ပြတယ်။ ဒီပွဲ ရှိတယ်။ ဇူလိုင်မှာ ဖြစ်နိုင်တယ်။ ပြည်တွင်းက သွားရေးလာရေးတွေကို ကူညီပေးပါလို့ပြောတော့ ကာကွယ်ရေး ဦးစီးချုပ်က သတိပေးတာ နှစ်ခုရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ ဟိုးအရင် ပန်ဆန်း ညီလာခံတွေ လုပ်ဖူးတယ်။ ဝမှာ။ အဲဒီ တချို့လုပ်တဲ့ အချိန်မှာ ဖြစ်တတ်တာက ဘာလဲဆိုတော့ ညီလာခံ လုပ်လိုက်မယ်ဆိုရင် သူက နယ်မြေတည်ဆောက်ရေး အဲဒီလိုတွေ လုပ်ကြတယ်တဲ့။ ငါ့နယ်မြေက ဒါ ဒီလိုဆိုပြီး အခြားသူတွေ ခေါ်ပြတာပေါ့ဗျာ။ နောက်တစ်ခါ ဒီ အင်အား တည်ဆောက်တာ။ အဲဒီလို ညီလာခံတွေ ခေါ်ပြီး တိုင်းရင်းသား ညီလာခံဆိုပြီး ခေါ်ပြီးတော့ အင်အား တည်ဆောက်တာ။ အင်အား တည်ဆောက်ရေးက ဘာလဲဆိုတော့ မြောက်ပိုင်းမှာ စစ်တွေရပ်ပါ မရပ်ရင် ကျွန်တော်တို့ အားလုံးစုပေါင်း ခုခံ ကာကွယ်ရမယ်။ မြောက်ပိုင်းစစ်ရေး မဟာမိတ်တွေ ဘာတွေ ဖွဲ့ချင်တာတွေ ရှိတာကိုး ဒါကို ညွှန်းချင်တာ။ ဒါကြောင့် နယ်မြေတည်ဆောက်ရေး၊ အင်အားတည်ဆောက်ရေးတွေ မဖြစ်ဖို့ လိုတယ် ဆိုတာပေါ့” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “နောက်တစ်ခု သတိပေးတာက ဘာလဲဆိုတော့ အားလုံး ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါအောင် ဆွေးနွေးတာမှာ ရောက်ပြီးသား ရှစ်ဖွဲ့ကတော့ အကောင်းပြောမှာကိုး။ ဘယ်လို ကော်မတီတွေ ဖွဲ့တယ် ဘာတွေလုပ်တယ် ဆိုတာ။ မလာသေးတဲ့ လေးငါးခြောက်ဖွဲ့ကလည်း သူက ဒါမကြိုက်သေးလို့ ဟိုဟာမကြိုက်သေးလို့ တိုက်ပွဲမရပ်လို့ ဘယ်သူကျန်လို့ အဲဒီလို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များနဲ့ မထိုးရသေးတဲ့ အဖွဲ့များ ဒီအုပ်စု နှစ်ခုကနေ အဲဒီပွဲခေါ်မှပဲ သွားငြင်းနေရင် အပြစ်တင်ကြမယ်ဆိုရင် ပဋိပက္ခက ပိုကြီးသွားမယ်။ အားလုံး တညီတညွတ်တည်း ဖြစ်မလားလို့ စုပါတယ်။ အဲဒီလို သွားငြင်းမိရင် လက်မှတ်ထိုး ရှစ်ဖွဲ့နဲ့ လက်မှတ် မထိုးသေးတဲ့ ခြောက်ဖွဲ့ ခုနစ်ဖွဲ့ သွားပြီးတော့ အငြင်းအခုံဖြစ်ရင် ပိုကင်းကွာသွားမှာကို သူစိုးရိမ်တယ်။ ဒါ သူ့စိုးရိမ်ချက်ပေါ့။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ရှင်းပြပါတယ်။ အခုလက်ရှိ အခြေအနေကတော့ ဖြစ်နိုင်ခြေ မရှိဘူး။ ဘာကြောင့် လဲဆိုရင် အစိုးရသစ်နဲ့ လာတွေ့ပြီ မထိုးရသေးတဲ့ အဖွဲ့တွေက။ နောက် သူတို့ ခေါင်းဆောင်တွေကလည်း အစိုးရသစ်နဲ့ တွေ့ဖို့ ပြင်နေပြီ။ အဲဒီလို ပြင်တဲ့အချိန်မှာ ထပ်ပြီးတော့ ငြင်းခုန်တယ်ဆိုရင် မှားမှာပေါ့။  အပျက်သဘော ရလဒ်ထွက်ချင်ရင် တကူးတကကြီး မခေါ်ဘူး။ အခုက ပြင်ဆင်ချက်တွေက လမ်းကြောင်းတွေက တွေ့နေရတော့ အကောင်းမြင်တဲ့ အပြုသဘော ချဉ်းကပ်မှုနဲ့ တွေ့ဆုံတယ်လို့ ယူဆတယ်။ ဒါကြောင့် မစိုးရိမ်ပါနဲ့လို့ ပြောတော့သူက အစိုးရ ပေါ်လစီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပေါ်လစီကို ကြည့်ပြီးတော့ သူတို့ ကူညီပါ့မယ်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။ ပြောလိုက်တော့ အခက်အခဲတော့ မရှိပါဘူး” ဟု ပြောကြားသည်။‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ၏ ဌာနချုပ် ပန်ဆန်း (ပန်ခမ်း) ၌ ၂၀၁၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့ ခုနစ်ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အပြီးတွင် အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပြီး အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် အစည်းအဝေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် NCA လက်မှတ်ထိုးပြီးဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် ချက်ချင်း အပစ်အခတ် ရပ်စဲရန် တိုက်တွန်း တောင်းဆိုကြကြောင်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်းကြောင်း အကယ်၍ တစ်ဖက်က ပဋိပက္ခဖြစ်အောင် ဆက်လက် ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည် ဖြစ်ကြောင်း သဘောတူကြသည်ဟု ပန်ဆန်း (ပန်ခမ်း) အစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့သည်။အဆိုပါ အစည်းအဝေးသို့ UWSP/UWSA၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP/SSA၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ၏ ကိုယ်စားလှယ် အဖွဲ့သည် ‘ဝ’ နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့များ အပါအဝင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အများစုအား တွေ့ဆုံဆွေးနွေးကာ သြဂုတ်လတွင် ကျင်းပနိုင်ရန် ပြင်ဆင်နေသည့် ညီလာခံသို့ တက်ရောက်ရေး၊ NCA တွင် ပါဝင်ရေး၊ နိုင်ငံတော် ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံနိုင်ရေး ဆွေးနွေးညှိနှိုင်း ဖိတ်ခေါ်လျက်ရှိသည်။ တွေ့ဆုံညှိနှိုင်းရန် ကျန်နေသည့် အဖွဲ့များကိုလည်း တွေ့ဆုံနိုင်ရန် ဆက်သွယ်နေကြောင်း ၂၁ ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီမှ သိရသည်။

Most Read

Most Recent