လသာမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ လုယက်ခဲ့သည့် ကျပ် ၉၅၀၀၀ ကို မျိုချ ဖျောက်ဖျက်ထားသူအား ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ဇွန်၂၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီးနေ ဒေါ်.... (၄၉ နှစ်)သည် ရန်ကုန်ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် တက်ရောက်ကုသနေသော ၎င်း၏ခဲအိုအတွက် ဆေးဝယ်ရန် လသာမြို့နယ် အနော်ရထာလမ်းနှင့် ၁၈ လမ်းထိပ်ရှိ ဆေးဆိုင်တစ်ဆိုင်သို့ ဆေးဝယ်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။ယင်းသို့ဆေးများ ဝယ်ယူပြီး ရန်ကုန်ဆေးရုံကြီးသို့ပြန်လာစဉ် လသာမြို့နယ် အနော်ရထာလမ်းနှင့် ၁၈ လမ်းထိပ် အရောက်တွင် အမျိုးသားတစ်ဦးက ဒေါ်.... ၏လက်တွင် ကိုင်ဆောင်ထားသော ဆေးများနှင့် ငွေကျပ် ၉၅၀၀၀ ပါ ကြွပ်ကြွပ်အိတ်ကို ဆွဲယူထွက်ပြေးပြီး အနီးရှိ အငှားယာဉ်တစ်စီးပေါ်သို့ တက်ကာ ယာဉ်တံခါးကိုလော့ချကာ ထိုင်နေခဲ့ကြောင်း သိရသည်။ဒေါ်.... မှာ အနီးပတ်ဝန်းကျင်သို့ အကူအညီတောင်းပြီး ပတ်ဝန်းကျင်မှလူများနှင့် လသာမြို့မ ရဲစခန်းမှ ရဲတာဝန်ရှိသူများ ရောက်ရှိလာပြီး အငှားယာဉ်အတွင်းမှ အဆိုပါ အမျိုးသားကို ခေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအမျိုးသားအား လသာမြို့မရဲစခန်းက (ပ)၁၁၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်၍ စစ်ဆေးရာ လုယူခဲ့သည့် ငွေများကို လိပ်၍ ဝမ်းဗိုက်ထဲသို့ မျိုချခဲ့ကြောင်း ဓာတ်မှန်ရိုက် စစ်ဆေးချက်အရ သိရပြီး ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ယင်းသို့ ငွေစက္ကူများအား လုယူ၍ ဝမ်းဗိုက်ထဲသို့ မျိုချခဲ့သည့် အမျိုးသားမှာ လှိုင်သာယာမြို့နယ်နေ စိုးနိုင် (၂၉ နှစ်) ဖြစ်ပြီး ၎င်းအား ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လသာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။