ပန်ဒါစက်ရုံ ဝင်ထွက်ပေါက်တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်မှုကြောင့် စက်ရုံမှ အလုပ်သမား ၁၁ ဦးအား ပိတ်ဆို့မှုဖြင့် တရားစွဲ

ပန်ဒါစက်ရုံ ဝင်ထွက်ပေါက်တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်မှုကြောင့် စက်ရုံမှ အလုပ်သမား ၁၁ ဦးအား ပိတ်ဆို့မှုဖြင့် တရားစွဲ
Published 22 June 2016
အောင်သူ

ပလိပ်မြို့ရှိ ပန်ဒါချည်မျှင် အထည်နှင့် အချောကိုင်စက်ရုံ ဝင်ထွက်ပေါက်တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်မှုဖြင့် စက်ရုံဘက်မှ အလုပ်သမား ၁၁ ဦးကို ပိတ်ဆို့မှုဖြင့် အမှုဖွင့် တရားစွဲဆို ထားရှိကြောင်း သိရသည်။စက်ရုံ ဝင်ထွက်ပေါက် ပိတ်ဆို့ ဆန္ဒထုတ်ဖော်သည့် အတွက် အခြေခံ အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင် ခုနစ်ဦးနှင့် အလုပ်သမား ကိုယ်စားလှယ် လေးဦးအား ပန်ဒါစက်ရုံ ဘက်မှ အမှုဖွင့် တရားစွဲ ထားရှိမှုနှင့် ပတ်သက်၍ ဇွန် ၂၂ ရက်တွင် ပလိပ်မြို့နယ် ရဲစခန်းမှ အလုပ်သမား ၁၁ ဦးအား ခေါ်ယူမေးမြန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။“စက်ရုံရဲ့ ဝင်ထွက်ပေါက်ကို ပိတ်ဆို့ပြီး သပိတ်စခန်း ဖွင့်ထားတဲ့ အတွက် စက်ရုံရဲ့ လုံခြုံရေး အရ အလုပ်သမား ၁၁ ဦးကို အမှုဖွင့် တရားစွဲဆို ထားပါတယ်။ စက်ရုံဘက်က စွဲဆိုထားမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အလုပ်သမားတွေကို ခေါ်ယူ စစ်ဆေးသွားမယ်လို့ သိရတယ်” ဟု ပန်ဒါ ကုမ္ပဏီမှ မန်နေဂျာ ဒေါ်တင်တင်ရွှေက ပြောကြားသည်။“စက်ရုံမှာ ဝင်ထွက်ပေါက်က ၁၀ ပေါက်လောက် ရှိပါတယ်။ ဒီတစ်ပေါက် အတွက်ကတော့ ပိတ်ဆို့မှု မဖြစ်ပါဘူး။ အလုပ်သမားတွေ အနေနဲ့ကတော့ တရားစွဲဆို ထားမှုအပေါ် ဥပဒေအရ ရင်ဆိုင်သွားဖို့ပဲ ရှိပါတယ်။ တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ဘယ်လိုပဲဖြစ်ဖြစ် တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော် သွားမယ်” ဟု ဆန္ဒပြ အလုပ်သမား မဇာခြည်ဝင်းက ဆိုသည်။ပန်ဒါစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၁၀၅၅ ဦးရှိပြီး လက်ရှိတွင် အလုပ်သမား ၅၀၀ ကျော်ဖြင့် လုပ်ငန်းများ ပုံမှန် လုပ်ကိုင်လျက် ရှိကြောင်း၊ အလုပ်သမားများ ဆန္ဒထုတ်ဖော်သော သပိတ်စခန်းတွင် လူဦးရေ ၆၀၀ ကျော်ရှိကြောင်း သိရသည်။ပန်ဒါစက်ရုံ အလုပ်သမား အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက စာချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆို ထားရှိပြီး ဇွန် ၂၃ ရက်တွင် စဉ့်ကိုင်မြို့နယ် တရားရုံး၌ စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။“စာချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲဆို ထားတယ်လို့ သိရတယ်။ အလုပ်သမား၊ အလုပ်ရှင် သဘောတူ စာချုပ်မှာ အစ်မနာမည်နဲ့ ချုပ်ဆိုထားတာ ဖြစ်တဲ့အတွက် အစ်မ နာမည်နဲ့ ဖြစ်ရမယ်။ အခုထိတော့ တရားရင်ဆိုင်ဖို့ တရားဝင်စာနဲ့ အကြောင်းကြားထားတာ မရှိသေးပါဘူး။ တရားဝင်စာ ဆင့်ခေါ်လာခဲ့ရင်တော့ ဥပဒေအတိုင်း ရင်ဆိုင်ဖို့ လုပ်သွားမယ်” ဟု ဒေါ်တင်တင်ရွှေက ပြောကြားသည်။ပန်ဒါ ကုမ္ပဏီသည် ချည်မျှင် အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်) ကို စက်မှုဝန်ကြီးဌာနထံမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ နှစ် ၃၀ ငှားရမ်း လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။  

Most Read

Most Recent