CLMVT ငါးနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေး ဖိုရမ်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများအတွက် ဒေသတွင်း ပေါင်းစည်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိကဆွေးနွေး

CLMVT ငါးနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေး ဖိုရမ်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများအတွက် ဒေသတွင်း ပေါင်းစည်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိကဆွေးနွေး
Published 17 June 2016
စည်သူအောင်

ဇွန် ၁၆ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံတွင် ပြုလုပ်နေသည့် CLMVT (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း) ငါးနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေးဖိုရမ်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ ခရီးသွားများအတွက် ဒေသတွင်း ပေါင်းစည်းရေးစနစ် (တခါးတစ်ပေါက်စနစ်) အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗီယက်နမ် အခြေစိုက် သတင်းဌာန Vietnamnet ၏သတင်းဖော်ပြချက်အရ သိရသည်။သုံးရက်ကြာပြုလုပ်မည့် ယင်းအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံများမှ မူဝါဒရေးဆွဲသူများ၊ စွန့်ဦးတီထွင်သူများ၊ စီးပွားရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ လူငယ်ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ဂျပန်၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက “ဒီဖိုရမ်ကနေ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုတွေ၊ အခွင့်အလမ်းတွေ ရရှိမှာပါ” ဟုဆိုသည်။ဖိုရမ်တွင် နိုင်ငံများ၏ ကဏ္ဍအသီးသီးရှိ ပူးပေါင်းဆောင်မှုများကို မြှင့်တင်ရင်း ပြဿနာများကို အဖြေရှာဖြေရှင်းရေးအတွက် ကြီးမားသော အခွင့်အလမ်းများကို ဖော်ထုတ်ပေးနိုင်ရန် မျှော်မှန်းထားပြီး ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုရင်ကမ်တုကလည်း “ဒေသတစ်ခုတည်း နိုင်ငံတွေအနေနဲ့ ဒီဖိုရမ်ကတစ်ဆင့် ကိုယ့်နိုင်ငံရဲ့ အဓိကအားသန်ရာ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအကြောင်း ဆွေးနွေးနိုင်ပါတယ်။ ဥပမာ စားသောက်ကုန် လုပ်ငန်းတွေ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းတွေလိုမျိုး ဘယ်ဟာအားပြုမလဲ ဆွေးနွေးနိုင်ပါတယ်” ဟုဆိုသည်။လက်ရှိအချိန်တွင် CLMV နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လုပ်အားခ သက်သာမှု၊ စီးပွားရေး အခွင့်အလမ်းများနှင့် အလားအလာကောင်းသော ဈေးကွက်အခြေအနေတို့ကြောင့် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းအများအပြား ဝင်ရောက်မြှုပ်နှံနေကြကြောင်း သိရသည်။ထို့ပြင် လက်ရှိ ကမ္ဘာ့ဆန်ပြည်ပတင်ပို့မှု အများဆုံးနိုင်ငံများဖြစ်သော ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် ဆန်စပါးထုတ်လုပ်မှု ပမာဏ တိုးတက်ရန်၊ အရည်အသွေး မြှင့်တင်ရန် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပြီး ဈေးကွက်ရရှိမှု ဆက်လက်ကောင်းမွန်စေရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။ဖိုရမ်တွင် CLMVT ငါးနိုင်ငံ၏ အခြေခံ အဆောက်အအုံ အရည်အသွေး၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးရေး၊ ထုတ်ကုန်သယ်ယူ ပို့ဆောင်ရေး အရည်အသွေး၊ သိုလှောင်မှု အရည်အသွေး၊ ဒေသတွင်း ချိတ်ဆက်ရောင်းဝယ်နိုင်စွမ်းများ မြှင့်တင်ရန် ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။