ကုန်သွယ်မှု နည်းပါးခဲ့သည့် မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မွန်ဂိုလီးယား-မြန်မာ စီးပွားရေးကောင်စီ စတင်တည်ထောင်

ကုန်သွယ်မှု နည်းပါးခဲ့သည့် မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မွန်ဂိုလီးယား-မြန်မာ စီးပွားရေးကောင်စီ စတင်တည်ထောင်
Published 16 June 2016
အေးမြတ်မွန်

ကုန်သွယ်မှု နည်းပါးခဲ့သည့် မွန်ဂိုလီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် မွန်ဂိုလီးယား-မြန်မာ စီးပွားရေး ကောင်စီကို စတင်တည်ထောင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မြန်မာ-မွန်ဂိုလီးယား စီးပွားရေးပူးပေါင်းမှု တတိယခြေလှမ်းအဖြစ် ကုန်သည်စက်မှု အသင်းချုပ်နှင့် မွန်ဂိုလီးယား စက်မှုလုပ်ငန်းကောင်စီ Mongolian National Council of Industry တို့အကြား နားလည်မှု စာချွန်လွှာ ရေးထိုးခြင်းကို ဇွန် ၁၅ ရက်တွင် နေပြည်တော် The Lake Garden Hotel တွင် ရေးထိုးခဲ့ကြပြီး မွန်ဂိုလီးယား-မြန်မာ စီးပွားရေးကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများအား ထိရောက်ချောမွေ့စွာ ဆောင်ရွက် ဖော်ဆောင်ပေးရန်၊ သတ္တုတူးဖော်ခြင်း၊ သဘာဝဓာတ်ငွေ့၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး နည်းပညာ စသည့်ကဏ္ဍများ၏ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက်များ အပြန်အလှန် မျှဝေနိုင်ရန်အတွက် မွန်ဂိုလီးယား စက်မှုလုပ်ငန်းကောင်စီနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် နှစ်ဖက်အစိုးရများနှင့် လုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် မွန်ဂိုလီးယား-မြန်မာ စီးပွားရေးကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"နှစ်နိုင်ငံကုန်သွယ်မှုက ဒေါ်လာတစ်သိန်းကျော်သာ ရှိနေပေမယ့်လည်း ယနေ့ထူထောင်ခဲ့တဲ့ စီးပွားရေး ကောင်စီက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အထင်ကရ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ နှစ်ဖက် လုပ်ငန်းကုမ္ပဏီတွေ အနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတာကို တွေ့ရတာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ မြင့်တက်လာမယ်လို့ ယုံကြည်ပါတယ်" ဟု မွန်ဂိုလီးယား စက်မှုလုပ်ငန်းကောင်စီ ဥက္ကဋ္ဌ Mr.D.Batjavkhlan က ဆိုသည်။
မွန်ဂိုလီးယားသမ္မတ Mr.Elbegdorj Tsakhia တက်ရောက်ခဲ့သည့် Mongolia - Myanmar CEO Conference တွင် အဆိုပါ နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဗဟိုထိန်းချုပ် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့သည့် မွန်ဂိုလီးယား၏ အတွေ့အကြုံများ၊ မွန်ဂိုလီးယား၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သည့် သတ္တုတူးဖော်ရေးကဏ္ဍမှ အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လာခဲ့သည့် အတွေ့အကြုံများနှင့် နည်းပညာများကို ဆွေးနွေးဖလှယ်ခဲ့သည်။
မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံရှိ ကုန်သည် စက်မှုအသင်းချုပ် အနေဖြင့် ၂၀၁၃ ခုနှစ်တွင် မွန်ဂိုလီးယားသမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေးဖိုရမ် ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မွန်ဂိုလီးယား၌ မွန်ဂိုလီးယား ကုန်သည်များ အသင်းနှင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကာ ယခုအကြိမ်တွင် စီးပွားရေးကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်သည်။