မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ (Economic Policy) ကို ယခုလအတွင်း ထုတ်ပြန်သွားမည်ဟု စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ (Economic Policy) ကို ယခုလအတွင်း ထုတ်ပြန်သွားမည်ဟု စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 13 June 2016
နီလာ

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ (Economic Policy) ကို ယခုလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်က ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည့် ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ စီးပွားရေးပေါ်လစီကို ချမှတ်ပြီးပါပြီ။ သက်ဆိုင်ရာ ဝန်ကြီးတွေကို တင်ပြပြီးတော့ အတည်ပြုချက် ရရှိတဲ့အခါမှာ မကြာခင်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
ထို့ပြင် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ အားလုံးကို တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုး ပေးသွားမည် ဖြစ်သဖြင့် လုပ်ငန်းရှင်များ ဘက်မှလည်း စွမ်းဆောင်ရည်အပြည့် လုပ်ဆောင်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တိုက်တွန်းခဲ့သည်။
"ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင် အားလုံးကို တတ်နိုင်သမျှ support လုပ်ပါမယ်။ မိမိတို့ရဲ့ စွမ်းဆောင်ရည်အပြည့် လုပ်ပေးပါ။ တစ်ခုတော့ ရှိပါတယ်။portection ဆိုတာထက် supporting ကို ကျွန်တော်က အားသာတယ်။ ကျွန်တော်တို့နိုင်ငံက လုပ်ငန်းရှင်တွေကို supporting လုပ်ပါရစေ။ protection ထက် supporting က ပိုပြီးအားသာလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
နိုင်ငံ၏ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာ၌ စီးပွားရေး လုပ်ငန်းရှင် အကြီးအငယ် အသေးအရွယ်အလတ် စသဖြင့် အားလုံးကို မျှမျှတတ လုပ်ကိုင်ခွင့်ပေးမည် ဆိုပါက မြန်မာနိုင်ငံသည် တိုးတက်သည့် စီးပွားရေးနိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတွင်းမှာရှိတဲ့ အင်အားစုတွေနဲ့ ပြည့်စုံလုံလောက်တဲ့ လုပ်ငန်းတွေ ရှိနိုင်သလို နိုင်ငံပြင်ပက ရှိနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အင်အားစုတွေနဲ့ ပေါင်းဖက်ပြီး လုပ်ရမယ့်ဟာတွေ ရှိကောင်းရှိမယ်။ ဒီကဏ္ဍမှာ တတ်နိုင်သမျှ အကန့်အသတ် အတားအဆီးတွေကို လျှော့ချပေးဖို့ east and easy ဖြစ်အောင် နိုင်ငံသားတွေကလည်း နိုင်ငံပြင်ပက ပုဂ္ဂိုလ်တွေကနဲ့ ပေါင်းစပ်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ လုပ်ငန်းခွင်တွေဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ အတတ်နိုင်ဆုံး စီစဉ်ပေးပါမယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
အစိုးရသစ် လက်ထက်အတွင်း စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်လုပ်ကိုင်ခွင့် မပေးတော့ဘဲ နိုင်ငံသားလုပ်ငန်းရှင်များအား မျှတစွာ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်သဖြင့် မြန်မာနိုင်ငံတစ်ဝန်း နယ်စပ်ဒေသများမှအစ ပြည်နယ်များပါမကျန် ဒေသအားလုံး တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။