ပုဂံမြို့သစ်၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် မြေနေရာ တိုင်းတာမှုများ ပြုလုပ်ထားပြီး ယခုအစိုးရသစ်လက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ်ထံမှ ခွင့်ပြုချက် တောင်းခံထားဟုဆို

ပုဂံမြို့သစ်၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် မြေနေရာ တိုင်းတာမှုများ ပြုလုပ်ထားပြီး ယခုအစိုးရသစ်လက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ်ထံမှ ခွင့်ပြုချက် တောင်းခံထားဟုဆို
Published 13 June 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

ပုဂံဒေသ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပုဂံမြို့သစ်၌ ညဈေးတန်းတစ်ခု ဖွင့်လှစ်နိုင်ရန် မြေနေရာ တိုင်းတာမှုများ ပြုလုပ်ထားပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်ထံမှ ခွင့်ပြုချက် တောင်းခံထားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့လည်း တင်ပြထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။
အဆိုပါပုဂံဒေသ၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန်အတွက် ယခင်အစိုးရဟောင်း လက်ထက်၌လည်း မြေနေရာ တိုင်းတာမှုများကို သက်ဆိုင်ရာ ခရိုင်ဥက္ကဋ္ဌသို့ တင်ပြထားပြီး ရှေးဟောင်းသုတေသနနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း လုပ်ကိုင်ခွင့်ပြုချက် မရရှိခဲ့သောကြောင့် ညဈေးဖွင့်လှစ်ရန် ကြန့်ကြာနေကြောင်း၊ လက်ရှိအစိုးရသစ် လက်ထက်တွင် ညဈေးအကောင်အထည် ဖော်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
"ပုဂံမှာ ညဈေးဖွင့်လှစ်ဖို့အတွက် လက်ရှိအစိုးရသစ်လက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်ထံ  ခွင့်ပြုချက် တောင်းခံထားပါတယ်။ ညဈေးဖွင့်လှစ်ဖို့ အတွက်က အရင်အစိုးရဟောင်း လက်ထက်မှာကတည်းက အကောင်အထည် ဖော်နေတာပါ။ ခွင့်ပြုချက်မရသေးလို့ ကြန့်ကြာနေတဲ့သဘောပါ။ အဲဒီအတွက် မြေနေရာ တိုင်းတာမှုတွေလည်း လုပ်ထားပြီးပါပြီ။ နောက်ပြီး ဒီပုဂံဒေသက ရှေးဟောင်းဇုန်ဖြစ်တဲ့အတွက် ရှေးဟောင်းသုတေသန ဌာနနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ဆောင်ထားပါတယ်" ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ယူနက်စကို၏ ကမ္ဘာအမွေအနှစ်စာရင်း ဝင်စေရန် နိုင်ငံတော်အဆင့် လုပ်ငန်းကြီးကြပ်မှု အဖွဲ့များ ညှိနှိုင်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသ၌ ညဈေးတန်း ဖွင့်လှစ်နိုင်ရန် ပုဂံမြို့သစ်အနီး ပုဂံဈေးသစ်၌ နေရာရွေးချယ်ထားပြီး ညောင်ဦး၌လည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ပုဂံမြို့သစ်၌ ညဈေးတန်း အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့နှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (ဗဟို) သို့လည်း အကူအညီ တောင်းခံထားကြောင်း သိရသည်။
ပုဂံဒေသ၌ ဖွင့်လှစ်မည့်ညဈေးတွင် ရိုးရာလက်မှုပစ္စည်းဆိုင်များ၊ ဒေသထွက် ကုန်ပစ္စည်းများ၊ ရိုးရာစားသောက်ဆိုင်များနှင့် ရိုးရာအဝတ်အထည် ဆိုင်များကိုပါ ထည့်သွင်းဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများအတွက် ဟိုတယ်/ခရီးဌာနမှ JICA နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာသည်နှင့်အတူ ကမ္ဘာလှည့် ခရီးသွား အများစုသည် ပုဂံဒေသသို့ အများဆုံး သွားရောက်လေ့ရှိပြီး နှစ်စဉ်ခရီးသွားများ တိုးတက်လျက်ရှိရာ ခရီးစဉ်ဒေသတစ်ခုအဖြစ် ရေရှည်စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရန် လိုအပ်ချက်များကို သုတေသန ပြုလုပ်ထားပြီး စီမံကိန်းများကို JICA နှင့် ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။