မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရန် ဖွင့်လှစ်ထားသည့် စစ်တွေနယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ လျော့ကျ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရန် ဖွင့်လှစ်ထားသည့် စစ်တွေနယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ လျော့ကျ
Published 12 June 2016
မင်းသီဟဇော်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရန် ဖွင့်လှစ်ထားသည့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ လျော့ကျနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
 
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇွန် ၃ ရက်အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁ ဒသမ ၂၃ သန်းသာ ရှိနေပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ ၀ ဒသမ ၁၇၃ သန်း လျော့ကျနေကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၀ ဒသမ ၄၄၂ သန်း၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏဒေါ်လာ  ၀ ဒသမ ၇၈၈ သန်း ရှိခဲ့ကြောင်း သိရသည်။
 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရန် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး စစ်တွေစခန်းမှ ကုန်သွယ်မှုပမာဏ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကျဆင်းခဲ့သော်လည်း မောင်တောစခန်းမှ ကုန်သွယ်မှုပမာဏ ယခင်ဘဏ္ဍာနှစ် ကာလတူထက်  များပြားခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့  နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။
 
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် နယ်စပ်ကုန်သယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
 
ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ အားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။
 
နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ  အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။