ဇွန် ၃ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၀၇ သန်းကျော် ရှိပြီး ယခင်နှစ် ကာလတူထက် ကုန်သွယ်မှု ပိုမို

ဇွန် ၃ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၀၇ သန်းကျော် ရှိပြီး ယခင်နှစ် ကာလတူထက် ကုန်သွယ်မှု ပိုမို
Published 12 June 2016
ချမ်းမြေ့သူ

လက်ရှိဘဏ္ဍာနှစ် ဇွန် ၃ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၀၇ သန်းကျော် ရှိပြီး ယခင်နှစ် ကာလတူထက် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
ကုန်သွယ်မှုပမာဏအားဖြင့် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ သန်း ၁၈၆၀ ကျော်နှင့် သွင်းကုန်တင်ပို့မှု ပမာဏမှာ ဒေါ်လာ ၂၄၄၇ သန်းကျော် ရှိကြောင်း သိရသည်။
 
ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုမှာမူ ပို့ကုန်တင်ပို့မှုအနေဖြင့် ဒေါ်လာ သန်း ၁၅၉၀ ကျော်ဖြစ်ပြီး သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၂၅၀၄ သန်းကျော်ဖြင့် ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၄၀၉၄ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ဖြင့်လည်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းကို အသုံးပြု၍ ကုန်သွယ်မှုပိုများကြောင်း သိရသည်။
 
နယ်စပ်ကုန်သွယ်မှုဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်လည်း တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ လုပ်ငန်းရှင်များနှင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
 
ယင်းအပြင် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ ကုန်သွယ်မှုပြုနိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ဖြင့် ကုန်သွယ်ခွင့်ကိုလည်း နယ်စပ်စခန်းများတွင် ခွင့်ပြုပေးထားကြောင်း သိရသည်။
 
ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်သွယ်မှု လျင်မြန်စွာ ပြုလုပ်နိုင်ရန် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုသည့် ကုန်စည်များကို ဖြေလျှော့ပေးမှုများ ပြုလုပ်ပေးနေပြီး ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်မှ စတင်၍ ပို့ကုန် ၂၈ မျိုးနှင့် သွင်းကုန် ၁၅ မျိုးကို အွန်လိုင်းလိုင်စင်ဖြင့် လျှောက်ထားခွင့် ပြုခဲ့ကြောင်း သိရသည်။
 
အွန်လိုင်းလိုင်စင်စနစ်တွင် ပထမအဆင့်အနေဖြင့် လျှောက်ထားနိုင်သည့် ပို့ကုန်သွင်းကုန် ပစ္စည်းများထဲတွင် ပို့ကုန်ပစ္စည်း အုပ်စုတွင် လယ်ယာထွက်ကုန်ပစ္စည်း ၂၈ မျိုးနှင့် သွင်းကုန်ပစ္စည်းများထဲတွင် လူသုံးကုန်ပစ္စည်း ခုနစ်မျိုး၊ ဆောက်လုပ်ရေးသုံး ပစ္စည်း ရှစ်မျိုး ပါဝင်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပြုရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့်  နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ဇွန် ၃ ရက် အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၁၆၃ သန်းကျော်၊ သွင်းကုန်တင်သွင်းမှု ပမာဏဒေါ်လာ ၂၀၉၅ သန်းကျော်ဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၂၅၈ သန်းကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့်မူ ပို့ကုန်တင်ပို့မှုပမာဏမှာ ဒေါ်လာ ၆၉၆ သန်းကျော် ရှိပြီး သွင်းကုန်တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ၃၅၂ သန်းကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။