တောင်ဒဂုံမြို့နယ် (၁၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ခုတ်သတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ သုံးဦးကို မေ ၃၀ နှင့် ၃၁ ရက် တို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြစ်မှု ကျူးလွန်သူများမှာ ဂျပန်ကြီး(ခ) ကျော်နိုင်လင်း၊ ဘိုဘိုလင်း (ခ) အောင်ကိုလင်းနှင့် အောင်မြင့်ဦး (ခ)သုတတို့ (၃)ဦးဖြစ်ကြောင်း သိရှိရပြီး မေလ ၃၀ ရက် မွန်းလွဲပိုင်းက အောင်မြင့်ဦး (ခ) သုတ ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၂၆) ရပ်ကွက်၊ လှော်ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ယနေ့(မေ ၃၁ ရက်) တွင် ပြစ်မှုကျူးလွန်သူ ဂျပန်ကြီး(ခ)ကျော်နိုင်လင်းနှင့် အောင်ကိုလင်း(ခ)ဘိုဘိုလင်း တို့ကို မြဝတီသို့ သွားသည့် မော်တော်ယာဉ်ပေါ်တွင် ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၈ နာရီ အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ သိန်းတစ်ရာ လမ်းမပေါ်တွင်အသက် (၁၃)နှစ်အရွယ် ကလေးငယ် တစ်ဦးအား လူငယ်သုံး ဦးမှ ဆဲဆို ကြိမ်းမောင်းနေသည်ကို တွေ့ရှိရ၍ ဝင်ရောက် တားမြစ်ရာမှ အဆိုပါ လူငယ်သုံး ဦးက ဓားကိုယ်စီဖြင့် ဦးဇော်ဝင်းအား ဝိုင်းဝန်း ထိုးခုတ်ပြီး ထွက်ပြေးခဲ့ရာ ဦးဇော်ဝင်းမှာ ဝဲဘက် ရင်အုံဘေး ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲဘက် လက်ညှိုး ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သဖြင့် လူသတ်မှုကျူး လွန်ပြီး ထွက်ပြေး တိမ်းရှောင်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူရန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းက (ပ) ၇၉၉/၂၀၁၆၊ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
Credit : Yangon Police