၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်နေသည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် မည်သည့်အဖွဲ့နှင့် မဆို တွေ့ဆုံ ဆွေးနွေးနိုင်ဟုဆို

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်နေသည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် မည်သည့်အဖွဲ့နှင့် မဆို တွေ့ဆုံ ဆွေးနွေးနိုင်ဟုဆို
Published 29 May 2016
အောင်ဇော်ထွန်း

အစိုးရက ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကြိုတင် ပြင်ဆင်ရေး ကော်မတီ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံရာတွင် ကန့်သတ်ထားခြင်း မရှိဘဲ မည်သည့်အဖွဲ့နှင့်မဆို တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း အစိုးရ ကိုယ်စားလှယ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကြိုတင်ပြင်ဆင်ရေး ကော်မတီ အနေဖြင့် ဆပ်ကော်မတီ နှစ်ခုဖြင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးရန် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ပထမပတ်တွင် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များနှင့် သွားရောက် တွေ့ဆုံရန် ရှိကြောင်း ညီလာခံ ကြိုတင်ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။ဦးလှမောင်ရွှေက “ကော်မတီ အနေနဲ့တော့ လာမယ့် အပတ်ထဲမှာ သွားတွေ့နိုင်ဖို့ အခုကတော့ တော်တော်လေး လေးလေးစားစားတော့ ပြင်ဆင်နေပါတယ်။ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျန်တဲ့ အဖွဲ့ဝင် တချို့နဲ့ အရင်ဆုံး သွားပြီးတော့ လက်ရှိ ဆောင်ရွက်နေတာတွေကို ရှင်းပြပါမယ်။ ပြီးတော့ ညီလာခံမှာ ပါဝင်နိုင်မယ့် နည်းလမ်းပေါ့ဗျာ။ ကျွန်တော်တို့ ဝိုင်းရှာကြမှာပေါ့။ အဲဒါကို ဇွန်လအတွင်းမှာ အားသွန်ခွန်စိုက် လုပ်ဖို့ပါပဲ။ တွေ့ဖို့ဟာတော့ ကျွန်တော့် အနေနဲ့ ပြောလို့ရတယ်။ ဘယ်အဖွဲ့နဲ့ အရင်တွေ့မလဲ ဆိုတာ တစ်ဖက်က တုံ့ပြန်တဲ့အပေါ် မူတည်ပြီး သွားမှာပေါ့” ဟု မေ ၂၈ ရက်က ပြောကြားသည်။“ကျွန်တော်တို့ကို ပေးထားတာက ဘယ်အဖွဲ့အစည်းလို့ ပေးတာ မဟုတ်ဘူး။ လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထိတွေ့ ဆက်သွယ်ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံမှာ အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ဖို့ ဆိုတာ အဲဒီ မူဝါဒ ရှိတော့ အဲဒီ မူဝါဒအတိုင်းပဲ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကြိုတင်ပြင်ဆင်ရေး ကော်မတီ အနေဖြင့် မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရာ NCA တွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း “လက်မှတ် မထိုးတဲ့ အဖွဲ့တွေကို အစိုးရရဲ့ ကိုယ်စားလှယ်တစ်ဖွဲ့ သွားရောက် တွေ့ဆုံမှာပါ။ တွေ့ဆုံတဲ့ အချိန်မှာ အကန့်အသတ် မရှိပါဘူး။ လက်မှတ် မထိုးရသေးဘူးဆိုတာ တစ်ချက်တည်းနဲ့ လုံလောက်ပါတယ်။ ဘယ်အဖွဲ့မဆို တွေ့နိုင်တယ်လို့ သူတို့ ပြောပါတယ်” ဟု ပြောကြားသည်။NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် လက်နက်ကိုင် အဖွဲ့ (AA)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကို ယခင် အစိုးရက NCA တွင် ပါဝင် လက်မှတ်ထိုးခွင့် မပြုခဲ့ပေ။ လက်ရှိ အစိုးရ လက်ထက်တွင်လည်း ယင်းအဖွဲ့များအား ပါဝင် လက်မှတ်ထိုးခွင့် ပြု မပြု ကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။အစိုးရ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သို့ ဆက်သွယ်မှု မရှိသေးကြောင်း UNFC တွဲဖက်အတွင်းရေးမှူး(၂) ဦးထွန်းဇော်က မေ ၂၉ ရက်တွင် ပြောကြားသည်။ဦးထွန်းဇော်က “ကျွန်တော်တို့ ဘက်ကိုတော့ တိုက်ရိုက် ဆက်သွယ်လာတာ မရှိသေးဘူး။ တစ်ဖွဲ့ချင်းစီကိုပဲ သွားနေတယ်လို့ ကြားတယ်။ တရားဝင် တွေ့ဆုံနိုင်ဖို့အတွက် လှမ်းညှိနေတယ်ဆိုတဲ့ အသံတော့ ထွက်တာပေါ့။ အလွတ်သဘော လာတွေ့မယ်ပေါ့ဗျာ။ ပထမ တစ်ဆင့်က။ အလွတ်သဘော လာတွေ့တဲ့ အခါမှာလည်းပဲ UNFC က နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဆိုတာ ရှိတယ်လေ။ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့။ အဲဒီ အဖွဲ့ကို ဆက်သွယ်လာတာ မရှိသေးဘူး” ဟု ပြောကြားသည်။“ကျွန်တော်တို့ကတော့ မြန်မြန်ဆန်ဆန် ဖြစ်စေချင်တယ် ဆိုရင် နည်းလမ်းမှန်မှန်နဲ့ ချဉ်းကပ်ပြီး သွားကြမယ် ဆိုရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။ တစ်ဖွဲ့ချင်းစီ အနေနဲ့ ကျွန်တော်တို့ သွားခဲ့လို့ အချိန်တွေ ကြာခဲ့ပြီးပြီ” ဟု ၎င်းက ဆိုသည်။ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA အရာရှိ တစ်ဦးက “လူကြီးတွေ ပြောသံတော့ ကြားတယ်။ ဒါပေမဲ့ တရားဝင် စာတော့ မတွေ့သေးဘူး” ဟု ဆိုသည်။ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အရန် ဗဟိုကော်မတီဝင် ခူတောရယ်က “ကျွန်တော်တို့ အဖွဲ့က တပ်ပေါင်းစုတွေနဲ့ အစုအဖွဲ့တွေနဲ့ နေတာဖြစ်တော့ ကျွန်တော်တို့ အဖွဲ့က ပိုဖြစ်စေချင်တာကတော့ အစုအဖွဲ့နဲ့ ဆက်သွယ်လာတာ စာနဲ့ပေနဲ့ ဖြစ်တာ ပိုကောင်းတယ်။ ဒါက အချိန်လည်း သက်သာတယ်။ လမ်းကြောင်းလည်း ပိုသင်တယ်” ဟု ဆိုသည်။အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ ဆက်သွယ်မှု ရမရနှင့် ပတ်သက်၍ မိုင်းလားလက်နက်ကိုင် အဖွဲ့ထံသို့ မေးမြန်းရာ မိုင်းလားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က “အဲဒါ လောလောဆယ် မပြောနိုင်သေးပါဘူး” ဟု ပြန်လည် ဖြေကြားသည်။ 

Most Read

Most Recent