ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လွှတ်တော်တစ်ရပ်ရပ်၌ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် နိုင်ငံရေး ပါတီများကိုသာ ကိုယ်စားလှယ်ထည့်ခွင့် ပြုမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးပွဲတွင် ပြောကြားသည်။
မေ ၂၇ ရက်က Horizon Lake View ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊UPDJC ၏ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေး အဖွဲ့အစည်းဟာ ၉၀ ကျော် ရှိပါတယ်။ ၉၀ ကျော် အဖွဲ့အစည်းများ အားလုံးကို ငြိမ်းချမ်းရေး ညီလာခံထဲမှာ ကိုယ်စားပြုရေး မပြုရေး ဆိုတာဟာ တစ်ယောက်နဲ့ တစ်ယောက် သဘောထား တူညီမှုတွေ မရှိပါဘူး။ နိုင်ငံရေး အဖွဲ့အစည်းများရဲ့ ပါဝင်မှုဟာ နိုင်ငံရေးအဖွဲ့အစည်း မှန်သမျှက ပြည်သူလူထုကို လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုမှုအပေါ် အခြေခံပြီးတော့ ကျွန်မတို့ ဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။ ပြောချင်တာကတော့ ၉၀ ကျော်တဲ့ နိုင်ငံရေးပါတီ အားလုံးမဟုတ်ဘဲ လွှတ်တော်တစ်ခုမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ ထည့်ဖို့မူဆိုတာကို ကျွန်မတို့ ကိုင်စွဲထားပါတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ "ဒီလိုပြောခြင်းအားဖြင့် ကျန်တဲ့ပါတီတွေဟာ ငြိမ်းချမ်းရေး ညီလာခံနဲ့ ဆက်စပ်မှု မရှိတော့ဘူးလားဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ ဆက်စပ်မှုရှိပါတယ်။ ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေ CSO တွေပေါ့။(CSO) ကဏ္ဍနဲ့ ပတ်သက်လို့လည်း တချို့ကမေးပါတယ်။ (CSO) ဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ခေတ်သစ်သမိုင်းအရ အမျိုးမျိုးပုံစံနဲ့ ပါဝင်ခဲ့ကြပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲမှာ ထည့်ပြီးတော့ လုပ်ဆောင်တဲ့ဟာတွေ လည်းရှိတယ်။ တချို့ကျတော့ မျဉ်းပြိုင်အနေနဲ့ ဖိုရမ်တစ်ခုအနေနဲ့ (CSO) တွေက ပါဝင်ပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ဒုတိယနည်းလမ်းကို သွားမယ်ဆိုပြီးတော့ စဉ်းစားထားပြီး ဖြစ်ပါတယ်။ကျွန်မတို့နိုင်ငံမှာ (CSO) တွေလည်း တော်တော်လည်း များလာပါပြီ။ (CSO) တွေကို ငြိမ်းချမ်းရေး ညီလာခံထဲမှာ ထည့်လိုက်မယ်ဆိုရင် အင်မတန်မှ ညီလာခံကြီးဟာ ဖောင်းပွသွားနိုင်ပါတယ်" ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏ အဓိကလိုအပ်ချက်အား ထိထိမိမိဖြင့် နိုင်ငံရေးဖြစ်စဉ်များအား အကောင်အထည် ဖော်ပေးနိုင်ဖို့ဖြစ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်း (CSO) ဖိုရမ်တစ်ခုအား ထူထောင်ရန် မူအရ စဉ်းစားထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခုအစည်း အဝေးပြုလုပ်ရခြင်းမှာ UPDJC ပြန်လည်ဖွဲ့စည်းရေး ဖြစ်ကြောင်း၊ ယခင် UPDJC အဖွဲ့ဝင်ဟောင်းများနှင့် အဖွဲ့ဝင်အသစ်များ၏ အမြင်များ ဖလှယ်၍ နောက်ဆုံး ဆုံးဖြတ်ချက်ချသွား မည်ဖြစ်ကြောင်း၊ UPDJC အား အမြန်ဆုံး ပြန်လည်ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်မှုများ လုပ်ကိုင်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "တချို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ ၂၁ ရာစု ညီလာခံဆိုတာ တစ်ခုစီ ဖြစ်မှာပါ။ ပင်လုံဆိုတာ တစ်ခုစီဖြစ်မှာလားလို့ မေးပါတယ်။ တစ်ခုတည်းပါ။ နာမည်တစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ နာမည်နှစ်ခု သုံးတယ်ဆိုတာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုတာကလည်း အင်မတန်မှတင့်တယ် ပြီးတော့ အင်မတန်မှ အများကနှစ်သက်တဲ့ နာမည်တစ်ခုဖြစ်သလို ၂၁ ရာစုနှစ်ပင်လုံဆိုတာဟာလည်း အများနှစ်သက်တဲ့နာမည် ဖြစ်ပါတယ်။ နှစ်ခုစလုံးက အတူတူပါပဲ" ဟုပြောကြားသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "ယူပီဒီဂျေစီမှာ လက်ရှိအစိုးရရဲ့ ရပ်တည်ချက်က လွှတ်တော် တစ်နေရာရာမှာ အနိုင်ရရှိတဲ့ပါတီတွေကို ပါစေချင်တယ်။ အနိုင်မရတဲ့ ပါတီတွေက (CSO) ဖိုရမ်လိုပေါင်းပြီးတော့ အဲဒီဘက်က ပါစေချင်တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံမှာလည်း လူဦးရေသိပ် မဖောင်းပွစေချင်တဲ့ သဘောကို တွေ့တယ်။ ကျွန်တော်တို့ကတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ပါစေချင်တယ်။ အနိုင်ရခြင်း၊ မရခြင်းက ရွေးကောက်ပွဲတစ်ခုရဲ့ ဖြတ်သန်းမှု။ အမျိုးသားငြိမ်းချမ်းမှုလုပ်တဲ့ ဖြစ်စဉ်က တစ်နိုင်ငံလုံး ပါဝင်ရမယ့် ဖြစ်စဉ်လုပ်ငန်း။ ရွေးကောက်ပွဲကာလ တစ်ခုမှာ အောင်သွားတဲ့၊ မအောင်ဘူးဆိုတဲ့ သတ်မှတ်ချက်လေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုတဲ့ ၆၉ နှစ် လောက်ရှိတဲ့ ပြဿနာကို မဆုံးဖြတ်စေချင်ဘူး" ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လွှတ်တော်တစ်ရပ်ရပ်၌ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် နိုင်ငံရေး ပါတီများကိုသာ ကိုယ်စားလှယ် ထည့်ခွင့်ပြုမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား















