တော်ကဆုန် ညောင်ရေသွန်းချိန်မို့

တော်ကဆုန် ညောင်ရေသွန်းချိန်မို့
Published 21 May 2016
နီငြိမ်း (အညာတက္ကသိုလ်)

“တန်ခူးရေကုန်၊ ကဆုန်ရေခန်း”“ကဆုန်နယုန် ဆွေ့ဆွေ့ခုန်”“ကဆုန်လတွင်း၊ မြေသင်းပျံ့ပျံ့ မိုးနံ့နံ့၊”“တန်ခူးလည်းကုန်၊ လကဆုန်လေမုန်တိုင်းအေးအေး”(ကဝိလက္ခဏသတ်ပုံ)ယခုနှစ် ကဆုန် ရောက်လာသည့်တိုင် မိုးက တစ်စက်မျှ မကျသေးပါ။ လူ၊ တိရစ္ဆာန် တို့မှာ အပူဒဏ်ကို အလူးအလဲ ခံနေရသည်။ တန်ခူးရေကုန်၊ ကဆုန်ရေစစ်ဟု ဆိုကြပြန်သည်။ မြန်မာနိုင်ငံအနှံ့ မိုးသီးတွေပင် ကျနေသည်။ ရန်ကုန်တွင်တော့ တစ်နေ့တခြား ပိုပူလာသည် ဆိုရမည်။“ကံဥဒကံ၊ ဆိန္ဒတီတိ၊ ကဆိန္နံ” ဟု ဝိဂြိုဟ်ပြုရမည်။ (ယောမာသော အကြင်လသည်၊ ကံဥဒကံ= ရေကို ဆန္ဒတိဖြတ်တတ်၏။ ဣတိတသမာတို့ကြောင့် ကဆိန္နံ= ကဆုန်လမည်၏ဟု ဖွင့်ဆိုချင်ပါသည်။ ပုဂံခေတ် ကျောက်စာများတွင်မူ ကဆုန်လကို ခုဆုန်။ ခူဆုန်-ကူဆုန် စသည်ဖြင့် အမျိုးမျိုး ရေးထိုးကြသည်။ နောင်တွင်မှ (ကုဆုန်လ) ဖြစ်ခဲ့ရပါသည်။ ရှေးဟောင်း တိဗက်စာများတွင် ကုအဓိပ္ပာယ်မှာ “ရေ” ကို ဟောသည်။ (ဆုန်) မှာ သွန်းလောင်းခြင်း၊ သွန်းဖြန်းခြင်းကို ယူရမည်။ သို့အတွက် ကဆုန်လမှာ ရေဖြတ်သောလဖြစ်ကြောင်း ဆရာကြီး ဦးဖိုးလတ်ကလည်း ရှင်းလင်း ဆွေးနွေးခဲ့ဖူး၏။နက္ခတ်များစွာ ကုဆုန်မှာကဆုန်လမှာ ဗြိဿရာသီခွင်၌ပါ၏။ အဘိဓာန် ကျမ်းများတွင် ဗြိဿကို  (ဗသဘော တာပူရိ၊ ဥက္ခင်္ဂေါသောရဘေယံ) စသည် အမျိုးမျိုးရေးသည်။ အားလုံးမှာ နွားလား ဥဿဘ သဏ္ဌာန် ဟောချည်းဖြစ်၏။ နွားနှင့်တူသော အဆင်းရှိ၏ဟု ဆိုလိုသည်။ ကဆုန်လတွင် ဝိသာခါ နက္ခတ်သည် ကောင်းကင်၌ ယှဉ်ပြိုင် ထွန်းလင်းမြဲဖြစ်၏။ သို့ကြောင့်ပင် စာဆိုသူတော် ဦးမင်းက“စံကားဝါ နံ့သင်းလို့၊ ကြယ်မင်းတဲ့ ဝိသာခါ တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊ ထွန်းတဲ့ချိန်ခါ၊ စုံကန္တာ၊ ဟေမာမြိုင်ထဲ၊ ရွှေကျေးပျံသင်လို့ စံပျော်ရွှင် ဟိုသည်ကူး၊ မြူးကြခမြဲ” ဟု စပ်ဆိုခဲ့ခြင်း ဖြစ်ပေမည်။ ဝိသာခါ နက္ခတ်သည် လုံးရေ ၄ လုံး ၁ လုံး ၁၄ လုံး ရှိကြောင်း၊ ပန်းကုန်း သဏ္ဌာန်၊ ဆန်ကောဝန်း သဏ္ဌာန်၊ ကျွဲဦးခေါင်း သဏ္ဌာန်နှင့်တူကြောင်း ရေးကြသည်။ အနောက်တိုင်း ကျမ်းဆရာတို့ကမူ ဝိသာခါကို ဥတ္တရ သရဖူ နက္ခတ်ဟု ရေးကြလေသည်။ ဆယ့်လေးလုံးသာ ဝိသာခါ၊ ပမာပတ်ဝိုင်းလို ဟုလည်း စာတိုမှတ်နိုင်သည်။ကဆုန်လ၏ ထူးခြားချက်များလွန်ခဲ့သော မဟာသက္ကရာဇ် ၁၀၃ ခု နှစ်တွင် ကဆုန်လဆန်း ၁၄ ရက် မိုးသောက်ယံ၌ ဘုရားလောင်းသည် တစ်ခုသော ညောင်ပင်ရင်း၌ထိုင်ကာ သုဇာတာ လာရောက် လှူ ဒါန်းသော ဃနာနို့ဆွမ်းကို အလှူခံတော်မူဖူး၏။ ထို့နောက် ခြေတော် သန့်စင်ပြီးမှ ဃနာ နို့ဆွမ်းများကို ဘုဉ်းပေးတော်မူသည်။ ကြည်ညို ယုံကြည်၍ သုဇာတာသည် ဃနာနို့များကို ရွှေခွက်ကြီးဖြင့် လှူဒါန်းလေသည်။ဘုရားလောင်းသည် ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီး ဗောဓိညောင်ပင်ရင်း၍ ထက်ဝယ် ဖွဲ့ခွေနေတော်မူ၏။ ဤအကြောင်းများကို လယ်တီဆရာတော်က (တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၏” ဟု စပ်ဆိုခဲ့ခြင်းဖြစ်၏။ ကဆုန်လ၏ ထူးခြားချက်များကို သုတေသန ရုပ်ပြအဘိဓာန်၌ ဤသို့တွေ့ရ၏။၁။ အလောင်းတော် သုမေဓာက ဒီပင်္ကရာ ဘုရားထံမှ ဗျာဒိတ်ခံသောလ၂။ သိဒ္ဓတ္ထမင်းသား ဖွားမြင်သောလ၃။ တောထွက်တော်မူသောလ၄။ သစ္စာလေးပါးကိုသိ၍ ဘုရားဖြစ်သောလ၅။ ပရိနိဗ္ဗာန် စံဝင်သောလ၆။ ဗောဓိပင်ကို ညောင်ရေသွန်းသောလ၇။ စံကားပန်းများ ပွင့်သောလ၈။ ဝိသာခါ နက္ခတ်ထွန်းသောလ၉။ တံငါတာရာ ထွန်းလင်းသောလ၁၀။ နေ့နာရီ (၃၁) ညနာရီ (၂၈) ရှိသောလ၁၁။ ရက်စုံသတ်သောလ၁၂။ နဂါးဦးခေါင်း အနောက်မြောက် ဝမ်းပြင်တောင်တွင် ကျောခင်းသောလ၁၃။ စနေ၊ ကြာသပတေး၊ ရက်ရာဇာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ပြဿဒါး၁၄။ ဖဝါးနှစ်ဖက်ဖြင့် မွန်းတည့်သောလ၁၅။ ဗြိဿရာသီမည်သောလ၁၆။ ဖွားဖက်တော်များ ပေါက်ဖွားသောလ စသည်တို့ဖြစ်၏။ရှေးခေတ်ဘိုးဘွားများ လုပ်ဆောင်ပုံသင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေအိုးဖြင့် ကဆုန်လတွင် ညောင်ပင်ရေသွန်းသည်မှာ ရိုးရာ အစဉ်အလာပင်တည်း။ ကဆုန်လဆန်း ၂၄ ရက်နေ့ရောက်လျှင် . . .ဝင်းတော်လေး မျက်နှာကို လှော်ကားနီ ဟစ်စီးစီပေးဝေ၍ ဗုံတီး၊ မောင်းတီးများနှင့်အတူ မာန်အောင် တံခါးတွင် နေရသည်။ ည (၃) ချက်တီးကျော်လျှင် ဝန်းတော် တစ်မျက်နှာလျှင် မြူတာ ၂ ဒသမ ၅၀ စီပေး၍ အရှေ့ဂုံးတော်သို့ ထွက်ရသည်။လောကဗျူဟာ အင်ရုံစာတမ်းဆက်လက် ဆောင်ရွက်ပုံများမှာ ရေခပ်ချိန် အရန်သင့်လျှင် ရေခပ်မည့်ရှေ့ဖျား၌ ဝန်တော်အဖွဲ့၊ ထို့နောက် ရှေ့ဝန်းမြူတာ ၂၅၀ လက်ဝဲ၀င်း ၂၅၀ လက်ယာဝင်း ၂၅၀ စီလိုက်ပါရ၏၊ ဧရာဝတီသို့ရောက်လျှင် မြူတာ ၁၀၀၀ တွင် ရေထည့်ကာ သယ်ယူသွားရသည်။“လပြည့်နေ့ နံနက် လေးချက်တီးကျော် တစ်မောင်းနှစ်မောင်းတွင် ဝန်ထောက်တော်ကြီးများ ရုံးတော်သို့တက်၍ ဘုရားစေတီတို့ကို မြူတာ ၁၀ နှစ် ဆယ်သွန်းရသည်။ မြို့တွင်း မြို့ပြင်ရှိသမျှ ညောင်ပင်ကို ရေသွန်းသည်။လပြည့်နေ့ ရေသွန်းပြီးလျှင် ဝန်စုမှူးစုတို့ သဘင်ခံကာ နံနက်ပိုင်းတွင် ညောင်ပင် အားလုံးကို ထပ်မံ ရေသွန်းရကြောင်း” အင်းရုံ စာတမ်း၌ ရေးသားထားကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ရည်စူး၍ ကုသိုလ်ယူ တင်ပြရပါသတည်း။ကိုးကား- လောကဗျူဟာ အင်ရုံစာတမ်း- စာပေဝတ်ဆံ (ဒဂုန်နတ်ရှင်)- မြန်မာ့ ၁၂ လ သတိုးသောင်း- ဝေါဟာရလီနတ္ထကျမ်း (လှေသင်း)

Most Read

Most Recent