မြန်မာနိုင်ငံ အနေဖြင့် အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုပေါင်းစည်းမှုတို့တွင် အချက်အချာကျသော ကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်မှန်းထား

မြန်မာနိုင်ငံ အနေဖြင့် အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုပေါင်းစည်းမှုတို့တွင် အချက်အချာကျသော ကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်မှန်းထား
Published 16 May 2016
စည်သူအောင်

မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလ အာရှဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ဖြစ်ပေါ်လာရေးတို့တွင် အချက်အချာကျသော ကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်မှန်းထားကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် မျှော်မှန်းထားသည်။    မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီအနေအထားသည် ကမ္ဘာ့စီးပွားရေးနယ်ပယ်အတွင်း လျင်မြန်စွာ တိုးတက်နေသော ဒေသတွင်း အချက်အချာနေရာတွင် တည်ရှိပြီး အကြီးမားဆုံးနှင့် မြန်ဆန်စွာ ကျယ်ပြန့်လာသော ဈေးကွက်များဖြစ်သည့် တရုတ် (လူဦးရေ ၁ ဒသမ ၃ ဘီလျံကျော်)၊ အိန္ဒိယ (လူဦးရေ ၁ ဒသမ ၂ ဘီလျံခန့်နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (လူဦးရေ သန်း ၆၀၀ ကျော်) တို့အလယ်တွင် တည်ရှိနေခြင်း ဖြစ်သည်။    မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်း မျိုးစုံပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကား အပိုပစ္စည်းထုတ်လုပ်မှုစသည့် တန်ဖိုးကွင်းဆက်တွင် ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးပုံသဏ္ဌာန် ကူးပြောင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်သွယ်ရာ လမ်းဆုံအဖြစ် ပီပီပြင်ပြင် ပါဝင်လာနိုင်မည်ဟု သုံးသပ်ထားခြင်း ဖြစ်သည်။ထို့ပြင် မြန်မာနိုင်ငံသည် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ရွေ့လျားမှုကွန်ရက်တွင် လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာ၀ သယံဇာတများအတွက် အဆင့်မြင့်ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော နေရာအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပို့ကုန်အများစုသည် အများအားဖြင့် အခြေခံပို့ကုန်များ ဖြစ်သော်လည်း အနာဂတ်ကာလ အာရှထုတ်လုပ်မှုကွန်ရက်တွင် မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကားအပိုပစ္စည်း စသည့် ကမ္ဘာ့ကွင်းဆက် ကုန်စည်ထုတ်လုပ်မှုတို့ဖြင့် ပါဝင်လာရန် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် မျှော်မှန်းထားသည်။မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သော ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် အာရှဒေသ၏ ကမ္ဘာ့စီးပွားရေးသို့ ချိတ်ဆက် ဆောင်ရွက်မှုဖြစ်စဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်နေသည်။ထို့ကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်မှု အားကောင်းစေခြင်းဖြင့် ကမ္ဘာ့စီးပွားရေးသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဖွံ့ဖြိုးပြီး ဖြစ်သည့် အဆိုပါ အာရှထုတ်လုပ်မှုကွန်ရက်တွင် ဆက်သွယ်နိုင်မည် ဖြစ်သည်။အာရှဒေသတွင်း ကုန်ထုတ်လုပ်မှု ကွင်းဆက်များအဖြစ် တရုတ်နိုင်ငံက စက်မှုလုပ်ငန်း၊ အိန္ဒိယနိုင်ငံက အစားအစာနှင့် အဝတ်အထည်၊ ဂျပန်နိုင်ငံက ကားထုတ်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ၊ ထိုင်ဝမ်နိုင်ငံက လျှပ်စစ် ပစ္စည်းများ၊ စင်ကာပူနိုင်ငံက နိုင်ငံတကာကုန်သွယ်မှု၊ ထိုင်းနိုင်ငံက ကားတပ်ဆင်ခြင်းနှင့် လျှပ်စစ်ပစ္စည်းများ၊ ဗီယက်နမ်နိုင်ငံက အထည်ချုပ်လုပ်ငန်းများ၊ အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းထုတ်လုပ်ခြင်း၊ ကမ္ဘောဒီးယားနိုင်ငံက အထည်ချုပ်လုပ်ငန်းများ စသည်ဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်  အနာဂတ်ကာလတွင် အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကား အပိုပစ္စည်းကဲ့သို့ ထုတ်ကုန်များဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် ပါဝင်နိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ 

Most Read

Most Recent