မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပ လုပ်ငန်းများမှ တင်ပြထားသည့် စီမံကိန်း ၈၀ ကျော်ရှိပြီး လျှပ်စစ်ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းများ အများဆုံးပါဝင်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပ လုပ်ငန်းများမှ တင်ပြထားသည့် စီမံကိန်း ၈၀ ကျော်ရှိပြီး လျှပ်စစ်ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းများ အများဆုံးပါဝင်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 13 May 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန် တွင် မြန်မာနိုင်ငံ၌် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များမှ တင်ပြထားသည့် စီမံကိန်းပေါင်း ၈၀ ကျော်အထိရှိနေပြီး အဆိုပါ လုပ်ငန်းများတွင် လျှပ်စစ်ကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းများ အများအပြား ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
"အခုအချိန်ထိ ကျွန်တော်တို့ဆီကို လာရောက်တင်ပြထားတဲ့ project ပေါင်း ၈၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းတွေပါသလို အထည်ချုပ်အတွက် လုပ်ငန်းတွေလည်း အများအပြား ပါပါတယ်။ လျှပ်စစ်ဆိုတာက မန္တလေးဘက်မှာ ဆိုလာစနစ်နဲ့ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ လာရောက်တင်ပြထားသည့် စီမံကိန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည် ဖွဲ့စည်းပြီးမှသာ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို မကြာခင်တွင် ပြန်လည် ဖွဲ့စည်းမည်ဖြစ်သည်။
"ဒါပေမဲ့ ခုချိန်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကလည်း ပြန်မဖွဲ့ရသေးပါဘူး။ MIC ပြန်ဖွဲ့ပြီးမှပဲ အခုတင်ပြထားတဲ့ project တွေကို ခွင့်ပြုပေးမှာပါ" ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာ လာရောက်တင်ထားသည့် နိုင်ငံများစွာ ရှိနေကြောင်း၊ လက်ရှိအချိန်တွင် ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံများမှ အများဆုံး လာရောက် တင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က ပြောကြားသည်။
အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၈ ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က ပြောကြားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံ ကျော်ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်မှုနှံနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။