၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိရန် လျာထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သုံးဘီလျံကျော် ရှိမည်ဟု ခန့်မှန်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော် ရရှိရန် လျာထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သုံးဘီလျံကျော် ရှိမည်ဟု ခန့်မှန်း
မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် တည်ဆောက်ရေးလုပ်ငန်းသုံး ယန္တရားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် တည်ဆောက်ရေးလုပ်ငန်းသုံး ယန္တရားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 8 May 2016
မင်းသီဟဇော်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီ လျံကျော် ရရှိရန် လျာထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာသုံးဘီလျံကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေအဆိုပြု တင်ပြချက်အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေအဆိုပြု တင်ပြချက်အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၁၃၀ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၂၆၅ သန်းဟု ခန့်မှန်းထားကြောင်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ် လာ ၃၁၃၉၅ သန်း (၃၁ ဘီလျံကျော်) ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃၁၃၅ သန်း ဖြစ်နိုင်မည်ဟု ခန့်မှန်းထားသည်။ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ် ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါလုပ်ငန်းများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမဝင်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ အားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး တိုးချဲ့နိုင်ရန်အတွက် ကုန်သွယ်မှုအရ အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။လက်ရှိ အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးကို သုံးဆတက်အောင် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။