ရန်ကုန် စတော့အိတ်ချိန်း၌ ရှယ်ယာ ရောင်းချမည့် ဒုတိယ စာရင်းဝင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို မေ ၁၉ ရက်တွင် ထုတ်ပြန်မည်

ရန်ကုန် စတော့အိတ်ချိန်း၌ ရှယ်ယာ ရောင်းချမည့် ဒုတိယ စာရင်းဝင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို မေ ၁၉ ရက်တွင် ထုတ်ပြန်မည်
Published 7 May 2016

ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ ရောင်းချမည့် ဒုတိယ စာရင်းဝင် သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းကို မေ ၁၉ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သိရသည်။ရှယ်ယာများ ရောင်းချရာတွင် သီလဝါ အထူးစီးပွားရေးဇုန်မှာ ရှယ်ယာ ရောင်းချရန် ပြင်ဆင်မှု ပြီးစီးသည့်အတွက် ဒုတိယ စာရင်းဝင် ကုမ္ပဏီအဖြစ် ရန်ကုန် စတော့အိတ်ချိန်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရှယ်ယာ တစ်စုအတွက် ရောင်းချမည့် ဈေးနှုန်းကိုမူ မေ ၁၉ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း ဝက်ဘ်ဆိုက်တွင် ကြေညာမည်ဖြစ်သည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကာ ရှယ်ယာအစုပေါင်း သုံးသန်းကျော် ရှိပြီး CB Securities ကုမ္ပဏီမှ ရှယ်ယာ ဝန်ဆောင်မှုများအတွက် တာဝန်ယူထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ရှယ်ယာများ ရောင်းချရာတွင် ရှယ်ယာ အသစ်များကို ရောင်းချသွားမည် မဟုတ်ဘဲ ရှယ်ယာရှင်များ၏ အစု ရှယ်ယာများကိုသာ စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုသွားမည်ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောကြားထားသည်။သီလဝါ အထူးစီးပွားရေးဇုန်၏ အစုရှယ်ယာများကို ၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် ဘဏ်များမှ တစ်ဆင့် စတင် ရောင်းချခဲ့ကာ ရှယ်ယာများကို ပြန်လည် အရောင်းအဝယ် ပြုလုပ်နိုင်မည့် Over the counter(OTC) ကိုမူ ၂၀၁၄ အောက်တိုဘာ ၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ် တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အဝန်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက)ကို သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ် သတ်မှတ်ထားကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာ-ဂျပန် ဖက်စပ် အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် ရင်းနှီး တည်ဆောက်သည့် စီမံကိန်းဖြစ်သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် First Myanmar Investment, First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများ အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို ဂျပန်-မြန်မာ ဖက်စပ် တည်ထောင်ခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ် ကုမ္ပဏီလီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး ခွင့်ပြုမတည်ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁၀၀ နှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။