မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် စိန်ခေါ်မှုများ ရှိနေသည်။ ယခင်ကာလများက မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းနှင့် နှစ်ပေါင်း ၅၀ အတွင်း ဆိုးရွားသော စနစ်အမျိုးမျိုးကြောင့် အဆင့်ဆင့် ပျက်စီးခဲ့ရသော ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ထို့အတွက် အခြေခံပညာ ကဏ္ဍမှ စတင်၍ ပြုပြင်ပြောင်းလဲမှုများကို သက်ဆိုင်ရာ အဆင့်ဆင့်မှ လုပ်ဆောင်နေပြီဟု သိရသည်။ သို့သော် အခက်အခဲ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး သိသာထင်ရှားသည့် ပညာနယ်ပယ်က ဝေဖန်ထောက်ပြစရာ အားနည်းချက်များနှင့် ချို့ယွင်းချက်များလည်း အထင်အရှား ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျင်းပခဲ့သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်းများ စာမေးပွဲဖြေဆိုခြင်း မပြုရသေးမီမှာပင် ပေါက်ကြားမှုများ ပေါ်ပေါက်ခဲ့သည်။ မေးခွန်းမှားယွင်း ခြင်းများလည်း ဖြစ်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ မေ ၅ ရက်က လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာ စံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ "၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေဖြင့် ဖွဲ့စည်းထားသည့် ပညာရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲခြင်း မဟုတ်သော သီးခြားရပ်တည်နေသည့် မြန်မာနိုင်ငံ စာစစ်အဖွဲ့ကို ဥပဒေဖျက်သိမ်းခြင်း မရှိသေးဘဲ မည်သည့် အတွက်ကြောင့် ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ဦးစီးဌာန တစ်ခုအဖြစ် ပြောင်းလဲပါသနည်း။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာန၊ စာစစ်ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်သော လေးတန်း၊ ရှစ်တန်းစာမေးပွဲ မေးခွန်းများ မှားယွင်းခြင်း၊ ဖြေဆိုခြင်း မပြုမီရက်များတွင် ကြိုတင်ပေါက်ကြားပြီး ဖြေဆိုသောနေ့များတွင် တိုက်ဆိုင်နေသည်ကိုတွေ့မြင်၊ ကြားသိနေရပါသဖြင့် တာဝန်အရှိဆုံးသူမှ တာဝန်ယူ၊ တာဝန်ခံပါ မည်လား သို့မဟုတ် စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တာဝန်ခံ ဆောင်ရွက်ရသည့်အတွက် မည်သူကို တာဝန်ယူ၊ တာဝန်ခံပြီး အရေးယူဆောင်ရွက်ပါမည်ကို သိလိုခြင်း" ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းမေးခွန်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြန်လည် ဖြေကြားပေးခဲ့သည်။ ထိုသို့ဖြေကြားရာတွင် ၁၉၇၂ ခုနှစ် မတ် ၁၆ ရက်မှစ၍ စနစ်သစ်အုပ်ချုပ်ရေးအရ အစိုးရ အဖွဲ့အစည်းများကို အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ယခင်စာစစ် မင်းကြီးရုံးက မြန်မာနိုင်ငံ စာစစ်အဖွဲ့ သီးခြားဖွဲ့စည်း ပေးခဲ့ကြောင်း အပါအဝင် နှစ်အလိုက် အပြောင်းအလဲ လုပ်ဆောင်မှုများအပေါ် ပြန်လည် ရှင်းလင်းခဲ့သည်။ ထို့ပြင် မေးခွန်းပေါက်ကြားခြင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးကာ စာစစ်ကြီးကြပ်ရေးမှူး တာဝန်ယူထားသည့် ကျောင်းအုပ်သုံးဦးနှင့် အခြားကျောင်းအုပ် တစ်ဦးတို့ မသမာသော နည်းလမ်းများသုံး၍ လုပ်ဆောင်ခဲ့မှုအပေါ် အမှုဖွင့်တိုင်ကြားခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း စသည့်အရေးယူ ထားမှုများကိုလည်း ပြန်လည် ရှင်းလင်းခဲ့သည်။ သို့သော် လွှတ်တော် ကိုယ်စားလှယ်၏ ထပ်ဆင့်မေးမြန်းမှုဖြစ်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်သော အဆင့်အလိုက် တာဝန်ယူမှု၊ မေးခွန်းမှားယွင်းမှု အတွက် မည်သူများက အဆင့်ဆင့် စစ်ဆေးကာ မည်သူ့ကို တာဝန်ယူ၊ တာဝန်ခံခိုင်းမည်ဟူသည့် မေးမြန်းမှုအား ပြန်လည်စိစစ်ပြီးမှ ဖြေကြားခွင့်ပြုရန် ပညာရေးဝန်ကြီးက ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ရဦးမည် ဖြစ်သကဲ့သို့ လတ်တလော ဝေဖန်မှုများအပေါ် စနစ်တကျ ဖြေရှင်းကြရဦးမည်ဖြစ်သည်။ အခြေခံပညာ အဆင့်ဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ ကျရှုံးခဲ့သူများအား စာမေးပွဲပြန်လည် စစ်ဆေးပေးသည့်ဖြစ်စဉ် အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။ ယခင်အစိုးရ လက်ထက်က ယင်းသို့ပြန်လည် စစ်ဆေးသည့် စာမေးပွဲကို ကုစားစာမေးပွဲဟု သုံးနှုန်းခဲ့ပြီး ယခု အစိုးရသစ် လက်ထက်တွင် နောက်ဆက်တွဲ ပြန်လည်ဖြည့်ဆည်းစ ာမေးပွဲဟု သုံးနှုန်းခဲ့သည်။
မည်သို့သော အသုံးအနှုန်းများဖြင့် လုပ်ဆောင်သည်ဖြစ်စေ အားနည်းချက်၊ လိုအပ်ချက်များစွာ ရှိနေသော ပညာရေး၌ ပညာရည် အဆင့်အတန်းဆိုင်ရာ စံနှုန်းများ ပိုမိုတိုးတက် ကောင်းမွန်ရေးကို ရှေးရှုရန် လိုအပ်နေသည်မှာ အထင်အရှားပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(မေလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)









