အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာ တင်ထားသည့် နိုင်ငံများစွာ ရှိနေပြီး ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံများမှ အများဆုံးဖြစ်

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာ တင်ထားသည့် နိုင်ငံများစွာ ရှိနေပြီး ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံများမှ အများဆုံးဖြစ်
Published 6 May 2016
နီလာ

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာ လာရောက်တင်ထားသည့်နိုင်ငံ များစွာရှိနေကြောင်း၊ လက်ရှိအချိန်တွင် ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံများမှ အများဆုံး လာရောက် တင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က ပြောကြားသည်။
"အစိုးရသစ်လက်ထက် ဝင်ရောက်လာတဲ့ Proposal တွေ များတယ်လို့ သုံးသပ်လို့ ရတာပေါ့။ အခုက အစပိုင်းဆိုတော့ စောင့်တော့ကြည့်နေမှာပေါ့။ အစိုးရသစ်လက်ထက် လောလောဆယ်မှာ Manufacturing ကဏ္ဍ၊ Labour Intensive ဖြစ်တဲ့ အထည်ချုပ်ကဏ္ဍတို့မှာ အများဆုံးလာတယ်။ လာတဲ့နိုင်ငံတွေကတော့ ဟောင်ကောင်၊ တရုတ်၊ စင်ကာပူတို့ လာတယ်။ အများဆုံးက အာဆီယံက များပါတယ်" ဟု ဦးသန်းအောင်ကျော်က ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေဟူ၍          ဥပဒေနှစ်မျိုးရှိနေသဖြင့် အဆိုပါ ဥပဒေနှစ်ခုကို ဥပဒေတစ်မျိုးတည်းဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဥပဒေနှစ်ခုပေါင်းပြီးတော့ လွှတ်တော် တင်ဖို့လုပ်နေပါတယ်။ ဟိုတုန်းကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေရှိတယ်။ ဥပဒေ နှစ်ခုဖြစ်နေတာပေါ့။ အခုတော့ အဲဒါကို တပေါင်းတည်း ပေါင်းပြီးတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ တစ်ခုတည်းပေါ့။ နိုင်ငံခြားသားရော ပြည်တွင်းလုပ်ငန်းရှင်ရော မခွဲခြားတော့ဘူး။ ဥပဒေတစ်ခုတည်းပဲ လုပ်မယ်။ ဥပဒေချုပ်ရုံးရဲ့အကြံပြုချက် ရပြီးပြီ။ ဒါကို လွှတ်တော်တင်ဖို့ပဲ ရှိတော့တယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်အတွက် နှစ် ၂၀ စာ Foreign Direct Investment Promotion Master Plan ရေးဆွဲထားပြီး လက်ရှိအစိုးရသစ် လက်ထက်အတွင်း အဆိုပါ လျာထားချက်များထက် ပိုမိုဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
"ရာခိုင်နှုန်းနဲ့ပြောရင် ဒီနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ ဝင်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။ လိုအပ်တာအားလုံး လုပ်ပြီးသွားပြီမို့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်က လွန်ခဲ့တဲ့ ၂၀၁၁၊ ၂၀၁၅ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့ ကောင်းမွန်သွားပါပြီ။ ၂၀၁၆ ဆိုရင် ပိုပြီးကောင်းတဲ့ အခြေအနေ တစ်ရပ်ကို ရောက်သွားတယ်လို့ ပြောရမှာပါ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။
မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များကို ဝယ်ယူလိုကြောင်း နယ်သာလန်နိုင်ငံမှလည်း ၂၀၁၆ ခုနှစ် ဧပြီလကုန်ပိုင်းက ကမ်းလှမ်းထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။