ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ကထက် တန်ချိန် နှစ်သိန်းကျော် လျော့ကျ

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ကထက် တန်ချိန် နှစ်သိန်းကျော် လျော့ကျ
Published 6 May 2016
စည်သူအောင်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ကထက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ  တန်ချိန် နှစ်သိန်းကျော် လျော့ကျသော်လည်း ပဲဈေးနှုန်းကောင်းမွန်မှုကြောင့် တန်ချိန် ၁ ဒသမ ၂၄ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ သန်း ၁၂၀၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။
၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု မှာ တန်ချိန်အားဖြင့် ၁ ဒသမ ၂၄ သန်းရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၁၅ သန်းဖိုးရှိခဲ့ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁ ဒသမ ၄၉ သန်းရှိခဲ့ပြီး ဒေါ်လာ သန်း ၁၂၀၀ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ တင်ပို့သည့် ပဲများအနက် ရာခိုင်နှုန်း ၈၀ ကို အိန္ဒိယနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး ကျန် ရာခိုင်နှုန်း ၂၀ ကို တရုတ်၊ ဥရော ပနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အဓိက ဝယ်ယူခြင်းဖြစ်သည်။ ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့် နယ်စပ်ကုန်သွယ်ရေး အနည်းငယ်ရှိပြီး အများစုကို ပင်လယ်ရေကြောင်းမှ တင်ပို့နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ပဲဈေးကွက်သည် အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအားနှင့် ဈေးကွက်ပေါ်မူတည်ပြီး အတက်အကျ ဖြစ်ပေါ်နေကာ လက်ရှိ ပဲဈေးနှုန်း အနေဖြင့် မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၁၄၀၀ ဝန်းကျင်၊ ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၃၀၀ ကျော်၊ ပဲတီစိမ်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ ကျော် ဈေးနှုန်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိ ပဲဈေးနှုန်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုဒဏ်နှင့် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအမြင့်ပိုင်းတွင် ရှိနေပြီး ပြည်ပတင်ပို့မှု အနေဖြင့်လည်း ဈေးကွက်ကောင်းမွန်နေကြောင်း သိရသည်။ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဧပြီ ၂၃ ရက် အထိ စာရင်းများအရ မတ်ပဲ ၁၀၅၉၉၇ တန်၊ ပဲတီစိမ်း ၇၄၄၆၀ တန်၊ ပဲစင်းငုံ ၁၀၃၀၀၈ တန်၊ ကုလားပဲ တန် ၉၀၀၀၊ ပဲလွန်းဖြူ ၇၄၅၂ တန်၊ မြေထောက်ပဲ ၂၅၆၄ တန် တင်ပို့ပြီးဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ (စွန်တာနီ၊ စွန်တာပြာ)၊ ပဲဖြူလေး၊ ဘိုကိတ်ပဲ၊ ပဲ ပုတ်စေ့၊ ပဲနီကြား၊ နိုင်လွန်ပဲ၊ မြေပဲအခွံပါ၊ မြေပဲဆန်နှင့် အခြားပဲများ တင်ပို့နေခြင်းဖြစ်ပြီး အများဆုံး တင်ပို့ခဲ့သည့် ပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲနှင့် မြေထောက်ပဲတို့ ဖြစ်ကြောင်း သိရသည်။