အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်း

အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ရှစ်ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်း
Published 5 May 2016
နီလာ

အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာရှစ်ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း Myanmar Investment Commission ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းအောင်ကျော်က မေ ၅ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံ ကျော်ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုရှာဖွေ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊  စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ကုန်ထုတ်လုပ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် အဓိကထား လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
"ကဏ္ဍအလိုက်ပြောရရင် လက်ရှိအစိုးရ (ဦးသိန်းစိန်အစိုးရ)လက်ထက်မှာ အများဆုံးဝင်တာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဖြစ်ပါတယ်။ ငါးနှစ်အတွင်း ဒေါ်လာ ၅၈၀၀ သန်းလောက်ဝင်တယ်။ ဒုတိယကဏ္ဍက  စက်မှုကဏ္ဍဖြစ်ပါတယ်။ စက်မှုကဏ္ဍမှာ ဒေါ်လာ ၄၇၀၀ သန်းလောက် ဝင်ပါတယ်။ တတိယဆက်သွယ်ရေးက ဏ္ဍက ဒေါ်လာ ၃၇၀၀ လောက် ဝင်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ Website အသစ် စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း ဝင်ရောက်ခဲ့သဖြင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၄၇၀ ဒသမ ၇၄၂ သန်း ပိုမိုခဲ့ ကြောင်းသိရသည်။