သွင်းကုန်လိုင်စင် ရရှိပြီး ယာဉ်ယန္တရားများ၏ လိုင်စင်သက်တမ်း ပြင်ဆင်ပေးခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စများ မူဆယ်နှင့် မြဝတီ နယ်စပ်တွင် ဆောင်ရွက်ပေးမည်

သွင်းကုန်လိုင်စင် ရရှိပြီး ယာဉ်ယန္တရားများ၏ လိုင်စင်သက်တမ်း ပြင်ဆင်ပေးခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စများ မူဆယ်နှင့် မြဝတီ နယ်စပ်တွင် ဆောင်ရွက်ပေးမည်
Published 4 May 2016
အောင်မြတ်ကို

သွင်းကုန်လိုင်စင် ရရှိပြီး ယာဉ်ယန္တရား၏ သွင်းကုန်လိုင်စင် သက်တမ်း ပြင်ဆင်ခြင်း၊ လိုင်စင်သက်တမ်း တိုးခြင်း ကိစ္စများကို မူဆယ်နှင့် မြဝတီ နယ်စပ်များတွင် စတင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။မြဝတီ ကုန်သွယ်ရေးဇုန်၌ ပြုလုပ်ပေးမည့် သွင်းကုန်လိုင်စင်များနှင့် ပတ်သက်၍ ကုန်သွယ်ရေး ဦးစီးဌာနက ၂၀၁၆ ခုနှစ် မေ ၃ ရက်စွဲပါ စာအမှတ် ကသရ (မဝတ) စီမံ/၂၀၁၆-၂၀၁၇(၂၈၀)ဖြင့် သွင်းကုန်လိုင်စင်သက်တမ်း ပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များကို ၂၀၁၆ ခုနှစ် မေ ၁ ရက်မှ ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်အထိသာ ဆောင်ရွက်ရန်နှင့် ဇွန် ၁၅ ရက် နောက်ပိုင်း လာရောက်တင်ပြမှုများ ရှိလာပါက လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။မေ ၂ ရက်မှစ၍ မြဝတီနယ်စပ် ချစ်ကြည်ရေး တံတားမှ မော်တော်ယာဉ်များကို တရားဝင် တင်သွင်းခွင့် ပြုသော်လည်း လိုင်စင် အဟောင်းများကိုသာ သက်တမ်းတိုး တင်သွင်းခွင့် ရရှိပြီး လိုင်စင်သစ်များ လျှောက်ထားခွင့် မရှိသေးကြောင်း သိရသည်။ထို့ပြင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ယာဉ်ယန္တရား တင်သွင်းခွင့် လိုင်စင် သက်တမ်းတိုးနှင့် ပြင်ဆင်ဆောင်ရွက်ပေးသွားမည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဧပြီ ၂၉ ရက်စွဲပါ စာအမှတ်၊ ကသရ (မဆ)ပို့/သွင်း/၂၀၁၆-၂၀၁၇ (၂၅၆) ဖြင့် ခွင့်ပြုပြီး ယာဉ်/ယန္တရား တင်သွင်းခွင့် လိုင်စင်များရှိ သက်တမ်းအား လိုင်စင်သက်တမ်း စတင် ခွင့်ပြု ထုတ်ပေးသည့် ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် မတိုင်မီ ကာလအား ချန်လပ်၍ ပုံမှန်လိုင်စင်သက်တမ်း သုံးလအထိ လိုင်စင်သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် သက်တမ်းတိုး နှစ်လနှင့် ဒုတိယအကြိမ် သက်တမ်းတိုး တစ်လ တို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်တမ်းတိုး ထုတ်ပေးခြင်းကို သက်ဆိုင်ရာ နယ်စပ် ကုန်သွယ်ရေး စခန်း အသီးသီးမှ စိစစ်၍ နေပြည်တော် ရုံးချုပ်သို့ ကြေးနန်းတင်ပြ ခွင့်ပြုချက် ရယူ ဆောင်ရွက်ပေးရန်၊ လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန်နှင့် မလိုလားအပ်သော အုပ်ချုပ်မှု ဖြစ်စဉ်များ မဖြစ်စေရေးအတွက် စခန်း တာဝန်ခံမှ စိစစ်ကြပ်မတ် ဆောင်ရွက်ရန်၊ သက်တမ်းတိုးခြင်း၊ ယာဉ်တင်သွင်းခွင့်ပေးခြင်း၊ ယာဉ်စစ်ဆေးသည့် လုပ်ငန်းစဉ် အားလုံးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လာဘ်ပေးလာဘ်ယူ ကိစ္စ အပါအဝင် တရားမဝင် ကိစ္စများ ဆောင်ရွက်ခြင်း၊ မမှန်မကန် ဆောင်ရွက်ခြင်း မပြုရန်နှင့် စိစစ် တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။နယ်စပ်မှ ယာဉ်နှင့် ယန္တရားများ တင်သွင်းခွင့်ကို ရပ်ဆိုင်းရသည့် အကြောင်းရင်းမှာ ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် အချို့သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမဝင်ယာဉ်နှင့် လုပ်ငန်းသုံး ယန္တရားများ တင်သွင်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ကားတင်သွင်းမှုကို ရပ်ဆိုင်းလိုက်သဖြင့် မော်တော်ယာဉ် အစီးရေ ၁၄၀၀၀ ကျော် ပိတ်မိနေခဲ့ပြီး လုပ်ငန်းရှင်များက ပိတ်မိနေသော ယာဉ်များသည် စီးပွား/ကူးသန်းမှ တရားဝင် လိုင်စင် ချထားပေးပြီး ဖြစ်သောကြောင့် ပြန်လည်တင်သွင်းခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဧပြီလတွင် ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။“လိုင်စင်ကြောင့် ကားနဲ့ လယ်ယာသုံး ပစ္စည်းတွေ ပိတ်မိနေတာပါ။ အဓိကတော့ လယ်ယာသုံးကားတွေ၊ လုပ်ငန်းသုံးကားတွေပဲ များပါတယ်။ အများစုက လယ်ယာသုံး ထွန်စက်၊ ထော်လာဂျီတို့ ဖြစ်ပါတယ်၊ အခု သွင်းခွင့်ပေးလိုက်တာ အစီးရေ ၁၄၀၀၀ ကျော် ဖြစ်ပါတယ်။ လိုင်စင်ကျပြီးသား ပိတ်မိနေတာက လက်ရှိဆို လေးလလောက် ဖြစ်နေပြီ။ လိုင်စင် ထုတ်ထားပြီးသား၊ အခွန်ဆောင်ထားပြီးသား ဆိုတော့ ပြန်ခွင့်ပြုပေးတာ ဖြစ်ပါတယ်” ဟု Myanmar Automobile Manufacture & Distributor Association မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။