မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံ ရေးထိုးထားသည့် MoU အရ အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာ့ဆန် တင်ပို့ရာတွင် ဆန်တန်ဖိုးကို ငွေလွှဲစာတမ်းမှ ထုတ်ယူနိုင်ရန် ဆောင်ရွက်ရာ၌ မြန်မာဘက်မှ အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား အစိုးရသို့ မှတ်ပုံတင်ထားခြင်း မရှိ၍ အခက်အခဲများ ဖြစ်ပေါ်နေရာ မေလဆန်းအထိ ဆိပ်ကမ်းမှ ချခွင့် မရသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။“အင်ဒိုနီးရှားကို ပို့ထားတဲ့ ဆန်ကိစ္စက အခုထိ ဆိပ်ကမ်းက ချခွင့် မရသေးပါဘူး။ ဆိပ်ကမ်းမှာ ချခွင့် ရမရက ဒီတစ်ရက် နှစ်ရက် အတွင်းတော့ သိရမယ်ပေါ့။ ဆိပ်ကမ်းမှာ ရောက်နေတာ ကြာနေပြီ ဖြစ်တဲ့အတွက် ကိုယ့်ဆန်တွေရဲ့ အရည်အသွေးကို ထိခိုက်မှာ စိုးရိမ်ရပါတယ်။ အခုကတော့ ဆိပ်ကမ်းမှာ ချလို့ရတဲ့ အချိန်ကျမှ ဖွင့်ကြည့်မှပဲ ဆန်အရည်အသွေးနဲ့ ပတ်သက်ပြီး သိရတော့မယ်။ သူတို့ရဲ့ complaint လုပ်တာကို နားထောင်ရမှာပေါ့။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းပေးရမှာပေါ့” ဟု ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ အကြားတွင် ရေးထိုးထားသည့် ဆန်တင်ပို့ ရောင်းချခြင်း ဆိုင်ရာ MoU အရ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့ ရောင်းချရန်အတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ Perum Bulog သို့ ဆန်တန်ချိန် ၂၀,၀၀၀ ရောင်းချပေးရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ယင်းသို့ ဆန်တင်ပို့ ရောင်းချရန်အတွက် နှစ်ဦးနှစ်ဖက် သဘောတူထားသော OMIC Myanmar မှ စစ်ဆေး အတည်ပြု၍ ဆန်တန်ချိန် ၁၃,၇၇၅ တန်ကို အင်ဒိုနီးရှားနိုင်ငံ Surabaya ဆိပ်ကမ်းသို့ ငါးကြိမ်ခွဲ၍ တင်ပို့ခဲ့ပြီဖြစ်ကြောင်း သိရသည်။သို့ရာတွင် အဆိုပါ တင်ပို့ထားသော ဆန်များကို ထုတ်ယူရန်အတွက် လည်းကောင်း၊ တင်ပို့ထားသော ဆန်များ၏ တန်ဖိုးကို ငွေလွှဲစာတမ်းမှ ငွေထုတ်ယူ ရရှိနိုင်ရန်အတွက် ဆောင်ရွက်ရာတွင် လိုအပ်သော ပြဋ္ဌာန်းချက်တစ်ခု ဖြစ်သည့် Prior Notice ကို သတ်မှတ်ထားသော Website မှ လျှောက်ထားရာတွင် မြန်မာနိုင်ငံ အနေဖြင့် အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် သတ်မှတ်ထားသော ဓာတ်ခွဲခန်းများကို အင်ဒိုနီးရှား အစိုးရသို့ မှတ်ပုံတင်ထားခြင်း မရှိ၍ မဆောင်ရွက်နိုင်ကြောင်း သိရသည်။မြန်မာ အစိုးရဘက်မှ လိုအပ်သော ဆက်သွယ်မှု၊ ဓာတ်ခွဲခန်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်မှသာလျှင် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားသို့ တင်ပို့ထားသည့် မြန်မာ့ဆန်များ အပင်ပိုးမွှားဆိုင်ရာ ကိစ္စရပ်များအတွက် အခက်အခဲများ ဖြစ်ပေါ်နေရာ လက်ရှိအချိန်အထိ ဆိပ်ကမ်းမှ ချခွင့် မရသေး